အရာတော်နယ်က ရွာ ၃ ရွာကို စစ်တပ်က တမနက်တည်း မီးရှို့

အရာတော်နယ်က ရွာ ၃ ရွာကို စစ်တပ်က တမနက်တည်း မီးရှို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက် ဒီမနက် ၇ နာရီကျော်မှာ ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရွာနီးစပ်တွေဖြစ်ကြတဲ့ မလဲသာ၊ ညောင်ပင်သာ၊ ကန်ရင်းကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး အဲဒီကျေးရွာတွေဟာ အိမ်ခြေ ၁၀၀ ကနေ ၂၀၀ ကျော်အထိရှိကြတဲ့ ရွာတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

"အခုအချိန်ထိတော့ အိမ်ဘယ်လောက်ပျက်စီးနေလဲဆိုတာ မသိရသေးဘူး။ မလဲသာကို အရင်စရှို့တာ။ ညောင်ပင်သာ ရှို့တယ်။ ကန်ရင်းကို နောက်ဆုံးရှို့တာ။ အခုက မြေပြင်အခြေအနေက ရှုပ်ထွေးနေတယ်" လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ မလဲသာကျေးရွာထဲမှာရှိနေသလို ကျေးရွာအနီးဝန်းကျင်ကိုလည်း ဂျက်ဖိုက်တာတစီး ပျံဝဲနေတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် မလဲသာ၊ ကန်ရင်းနဲ့ ညောင်ပင်ကျေးရွာတွေက ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါ မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၀ ရက်က မြင်းမူမြို့နယ်ကနေ အရာတော်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ကြောင်းထိုးလာချိန် မြင်းမူမြို့နယ်၊ ကံသုံးဆင့်ကျေးရွာက အမျိုးသား ၂ ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းခေါ်လာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေက အရာတော်မြို့နယ်၊ ကျီးစောက်ကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ်  ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ပုံစာ - ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း အရာတော်မြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရသည့် ဒေသခံများ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့နယ် #ကျေးရွာ #စစ်ကောင်စီ #မီးရှို့ #မလဲသာ #ကန်ရင်း #ညောင်ပင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10