အရာတော်နယ်က လောင်းကစားဝိုင်းတွေကို အရေးယူမယ့်သူမရှိဖြစ်နေ

အရာတော်နယ်က လောင်းကစားဝိုင်းတွေကို အရေးယူမယ့်သူမရှိဖြစ်နေ

အရာတော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ ပေါ်ပေါ်တင်တင်ပြုလုပ်နေကြပြီး အရေးယူမယ့်သူမရှိဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အရာတော်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ ကျေးရွာတချို့မှာ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ခြောက်ကောင်ဂျင်ဝိုင်း စတဲ့လောင်းကစားဝိုင်းတွေကို ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကစတင်ကာ ပြုလုပ်ခဲ့ကြ တာဖြစ်ပြီး ဒီနေ့အချိန်ထိ ဖမ်းဆီးအရေးယူမယ့်သူမရှိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

အရာတော်မြို့နယ်အတွင်းက ဘောင်းကျကျေးရွာမှာဆိုရင် အဲဒီလောင်းကစားဝိုင်းတွေကို ညနေ ၆ နာရီမှ စတင်ကာ ည ၁၂ နာရီအထိ ရွာလယ်ကောင်မှာ ပေါ်ပေါ်တင်တင်လုပ်နေကြတာဖြစ်ပြီး လောင်းကစားဝိုင်း ၅ ဝိုင်းရှိကာ ၁ ဝိုင်းကို လူ ၂၀ ခန့် ကစားကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“လောင်းကစားဝိုင်းတွေက ဘောင်းကျကျေးရွာတင် မဟုတ်ဘူး၊ တမြို့နယ်လုံးမှာ ပေါနေတာ။” လို့ အရာတော်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

မြို့နယ်၊ ကျေးရွာအဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက အရေးယူချင်ပေမယ့် လက်နက်၊ လူအင်အား ပြည့်စုံလုံလောက်မှုမရှိတာတွေကြောင့် ဒီအတိုင်းလွှတ်ပေးထားရတယ်လို့ သူက ဆိုပါတယ်။ 

အရာတော်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့မှာလည်း ဒီနေ့အချိန်ထိ ဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးထားတာ မရှိသေးဘူး။ ဝယ်ထားတဲ့ လက်နက်တောင် အကြွေးမကြေသေးဘူး။ အင်အားချင်းလည်း မတူဘူးပေါ့ဗျာ၊ မတူတဲ့အခါကျတော့ ကျနော်တို့မှာလည်း မဖမ်းရဲတဲ့အပိုင်းတွေလည်း ပါပါတယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုမြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းတွေ မပြုလုပ်ကြဖို့ ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာမြို့နယ် အဖွဲ့အစည်းတွေက စာထုတ်ပြန်သတိပေးတာရှိပေမယ့် တော်လှန်ရေးအဖွဲ့အချင်းချင်း၊ လက်နက်ကိုင် အချင်းချင်းပွတ်တိုက်မှုဖြစ်မှာစိုးတဲ့အတွက်လည်း ဒီအတိုင်းလွှတ်ထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။ 

“ဒါပေမဲ့ ခိုးဆိုးလုယက်မှုတွေ ထူပြောနေရင်တော့လည်း တမျိုးပေါ့။ ဒီနေ့အချိန်ထိတော့ ကျနော်တို့ဆီမှာ ခိုးဆိုးလုယက်မှုတွေလည်း မရှိပါဘူး။ မရှိတော့ကျတော့ လက်နက်ကိုင်အဖွဲ့အချင်းချင်းပဲ ရှောင်လိုက်ကြတယ်။ အဓိက,က စကစ ကိုတော်လှန်တဲ့နေရာမှာ အချင်းချင်းမလိုအပ်ဘဲနဲ့ စိတ်ဝမ်းကွဲမှာ၊ စည်းလုံးမှုပျက်ပြားမှာ ဒါတွေလည်း တဖက်က ပြန်စဉ်းစားရတာပေါ့။” လို့ သူက ဆက်ပြောပါတယ်။ 

အရာတော်မြို့နယ်ရှိ ကျေးရွာတချို့မှာ လုပ်နေတဲ့ လောင်းကစားဝိုင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်မှုရှိနေတာကြောင့် အရေးယူပေးဖို့ ရွာခံတွေကသက်ဆိုင်ရာကို တိုင်ကြားပေမယ့် ဒီနေ့အထိ အရေးမယူနိုင်သေးတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

လောင်းကစားဝိုင်းပြုလုပ်တာတွေကြောင့် လောင်းကစားဝိုင်းရှိတဲ့ရွာနဲ့ အနီးအနားကကျေးရွာတွေမှာ ဖုန်း၊ ဆိုင်ကယ် စတဲ့ပစ္စည်းပျောက်တာမျိုးတွေရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“ဘောင်းကျကို တခါသွားဖမ်းတာ၊ ကျနော်တို့ ဒီကထွက်ရုံရှိသေးတာ သတင်းပေါက်ပြီးတော့ အဲဒီမှာ မဖမ်းမိဘူး။” လို့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီးဖို့ကြိုးစားဖူးတဲ့ဖြစ်စဉ်တခုကို အရာတော်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတာကြောင့် အရေးယူဖမ်းဆီးဖို့ကိစ္စရပ်တွေကို တိုင်ကြားဖို့၊ ဖမ်းဆီးဖို့ကို တဦးတယောက်တည်းနဲ့လည်း မလုပ်ရဲကြသလို တော်လှန်ရေးတပ်ဖွဲ့ဝင် အချင်းချင်းလည်း ပဋိပက္ခတွေဖြစ်နိုင်တဲ့အတွက် လောင်းကစားဝိုင်းတွေဟာ ဖမ်းဆီးမယ့်သူမရှိဘဲ ဒီအတိုင်းဖြစ်နေကြတာလို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တချို့က ပြောပါတယ်။ 

သတင်း - ဗန်ဂိုး၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#အရာတော်မြို့ #ဘောင်းကျကျေးရွာ #လောင်းကစားဝိုင်း #မှုခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10