အရာတော်မှာ ကလေး ၄ ဦးအပါ ၁၅ ဦးအသတ်ခံရ၊ PDF နဲ့ စစ်တပ်အပြန်အလှန် စွပ်စွဲမှုတွေရှိနေ

အရာတော်မှာ ကလေး ၄ ဦးအပါ ၁၅ ဦးအသတ်ခံရ၊ PDF နဲ့ စစ်တပ်အပြန်အလှန် စွပ်စွဲမှုတွေရှိနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ ကလေး ၄ဦး အပါအဝင် ဒေသခံ ၁၅ဦး ဇူလိုင် ၅ ရက် ဒီနေ့ မနက် ၅နာရီကျော်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

သေဆုံးသူ ၁၅ဦးထဲမှ အမျိုးသား ၁၁ဦးမှာ  ငွေတွင်းကျေးရွာရဲ့ အရှေ့ဘက်က ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းထဲမှာ အသတ်ခံရတာဖြစ်ပြီး ကျန်တဲ့ အမျိုးသား၊ အမျိုးသမီး ၄ဦးကတော့ ကျေးရွာထဲက နေအိမ်တွေထဲမှာပဲ အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အသတ်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ အသက် ၁၂နှစ်အရွယ်၊ ၁၃ နှစ်အရွယ် ကလေး ၄ ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

 

"ရွာဘေးမှာ အမြဲ မိုင်းခွဲသံတွေ ခဏခဏ ကြားရတော့ ရွာထဲက လူတွေ၊ မကျန်းမာတဲ့သူတွေ၊ ကလေးသူငယ်တွေက ဘုန်းကြီးကျောင်းက လုံခြုံမှာပဲဆိုပြီး ညလာအိပ်ကြတာပါ။ လက်ပြန်ကြိုးတုတ်ပြီးတော့ ခေါင်းတွေကို ပစ်သတ်သွားတာ။ ရွာမှာက စစ်တပ်ရှိတော့ အားလုံးကလည်း PDF တွေသတ်သွားတယ်လို့ ပြောပါတယ်" လို့ အသတ်ခံလိုက်တဲ့အထဲ ဆွေမျိုး ၂ဦးပါသွားတဲ့ ငွေတွင်းရွာကအမျိုးသားတဦးက မြေလတ်အသံကို ပြောပါ တယ်။

 

ငွေတွင်းကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်က ရွာရဲ့အနောက်ဘက်ခြမ်းမှာ တပ်စွဲနေထိုင်နေတာဟာ ၂နှစ်နီးပါးရှိနေပြီဖြစ်တာကြောင့် အခုကိစ္စကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ပြုလုပ်တာမဟုတ်ဘဲ PDFအဖွဲ့က လုပ်သွားတာလို့ အထက်ပါရွာခံသားက ဆက်ပြောပါတယ်။

 

အခုသတ်ဖြတ်မှုဖြစ်သွားတဲ့နေရာဟာ ငွေတွင်းကျေးရွာအရှေ့ဘက်က ဘုန်းကြီးကျောင်းမှာဖြစ်ခဲ့တာပါ။

 

သေဆုံးသူတွေကိုတော့ ဒီနေ့ နေ့လယ် ၁နာရီကျော်မှာ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

 

"ရွာက ပျူရွာဆိုပြီး နာမည်ထွက်ထားပြီးသားပါခင်ဗျာ။ ရွာထဲမှာ ပျူမဟုတ်တဲ့ မိသားစုတွေ အများကြီး ရှိပါတယ်။ ပျူတွေကိုလုပ်တာ လက်ခံနိုင်ပေမဲ့ အပြစ်မရှိတဲ့ သူတွေကိုလုပ်သွားတဲ့အပြင် ကလေးတွေကိုပါ ရက်ရက်စက်စက် သတ်သွားတာတော့ ဘယ်လိုမှဖြေလို့မရဘူး"လို့ သူက ဆက်ပြောပါတယ်။ 

 

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အရာတော်မြို့နယ် ငွေတွင်းရွာက ဒေသခံ ၁၅ ဦးကို PDF တွေဘက်က သတ်ဖြတ်တယ်လို့ ဝါဒဖြန့်ဖော်ပြထားပါတယ်။

 

အရာတော်နဲ့ ဝက်လက်မှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရောင်နီဂျီဇက်အဖွဲ့တာဝန်ခံက အသတ်ခံရသူ ၁၅ ဦးဟာ ငွေတွင်းကျေးရွာက မဟုတ်ဘဲ ဇွန် ၂၉ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ မြေနက်ကျေးရွာက ဒေသခံတွေဖြစ်ပြီး အခုဖြစ်စဉ်ကိုလည်း PDF လုပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

"ပြည်သူတွေကိုသွားကယ်ထုတ်ဖို့ ကျွန်တော်တို့ ငွေတွင်းရွာကို သွားတိုက်ခဲ့တယ်။ အဲ့ဒီနောက်မှာ အဖမ်းခံထားရတဲ့ဒေသခံတွေ အသတ်ခံရတာပါ"ဟု သူက ဆက်ရှင်းပြပါတယ်။ 

 

ငွေတွင်းကျေးရွာဟာ ပျူစောထီးအမာခံကျေးရွာတရွာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနက စုံစမ်းသိရှိရပါတယ်။

 

ဒီသတ်ဖြတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအပေါ် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးသလို ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့နယ် #ငွေတွင်းကျေးရွာ #ကလေး #အသတ်ခံရ  #ပျူရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10