အရောင်းဝယ်ကောင်း​​ပေမယ့် အကျိုးအမြတ်နည်းနေတဲ့ သနပ်ခါးကျောက်ပျဥ်လုပ်ငန်း

အရောင်းဝယ်ကောင်း​​ပေမယ့် အကျိုးအမြတ်နည်းနေတဲ့ သနပ်ခါးကျောက်ပျဥ်လုပ်ငန်း

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းမှာ သဲကျောက်နဲ့ပြုလုပ်တဲ့ သနပ်ခါး ကျောက်ပျဥ်လုပ်ငန်းတွေရှိနေပြီး အရောင်းဝယ်ကောင်း​​ပေမယ့် အကျိုးအမြတ်နည်းနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လုပ်သားစားရိတ်၊ စက်သုံးဆီစျေးနှုန်းတွေ အပါအဝင် အထွေထွေကုန်ကျစရိတ်တွေ အဆမတန်မြင့်နေလို့ အရောင်းအဝယ်ကောင်းပေမယ့် အကျိုးအမြတ်ရရှိမှု နည်းပါးတယ်လို့ ဆိုပါတယ်။

"အော်ဒါကတော့ အမှာများတယ်။ ပုံမှန်ဆို ခုလိုအရောင်းအဝယ်ကောင်းရင် အမြတ်များရမှာလေ။ ဒါပေမယ့် အစစအရာရာ စျေးကြီးနေတော့ အရင်းအနှီးသာများလာတာ အမြတ်ကျတော့ သိပ်မကျန်ဘူး"လို့ သနပ်ခါးကျောက်ပျဥ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ကာလက ၆ လက်မအရွယ် ကျောက်ပျဥ်တချပ်ကို ထုတ်လုပ်မှုစရိတ် ကျပ် ၃၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် ယခုအချိန်မှာ ကျပ် ၁၀၀၀ ဝန်းကျင်ထိရှိလာသလို လက်မ ၂၀ အရွယ်ဆိုပါက ထုတ်လုပ်မှုစရိတ်ဟာ ယခင်က ကျပ် ၁၅၀၀၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ယခုအချိန်မှာတော့ ကျပ် ၅၀၀၀၀ ဝန်းကျင်ထိ ရှိလာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ၆ လက်မအရွယ် ကျောက်ပျဥ်တချပ်ကို လက်လီစျေး ကျပ် ၁၂၀၀ ကျော် ရောင်းချနေပြီး လက်မ ၂၀ တချပ်လျှင် ကျပ် ၆၀၀၀၀ ကျော် ရောင်းချမှုရှိတယ်လို့ သိရပါတယ်။

သနပ်ခါး ကျောက်ပျဥ်ကို ၆ လက်မအရွယ်အစားကနေ လက်မ ၂၀ အရွယ်ထိ ဆိုဒ်ပေါင်း ၁၀ မျိုးကျော် ထုတ်လုပ်ရောင်းချကြတယ်လို့ ဆိုပါတယ်။

သနပ်ခါးကျောက်ပျဥ်ကို သဘာဝ သဲကျောက်နဲ့ထုတ်လုပ်သလို ဘိလပ်မြေနဲ့လည်း ထုတ်လုပ်တာတွေရှိပေမယ့် သဘာဝသဲကျောက်နဲ့ ထုတ်လုပ်တာကို ပြည်သူတွေက ပိုမိုကြိုက်နှစ်သက်ကြတယ်လို့ သိရပါတယ်။

ချောက်မြို့နယ်အတွင်းမှာ သနပ်ခါးကျောက်ပျဥ် ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ကျော်ရှိပြီး ထွက်ရှိလာတဲ့ သနပ်ခါးကျောက်ပျဥ်တွေကို ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံအနှံမြို့ကြီးတွေကို တင်ပို့ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကျောက်ပျဉ်လုပ်ငန်း #သနပ်ခါး #စီးပွားရေး #မကွေးတိုင်း #ချောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10