အလင်းဝင်ရဲတပ်သားရဲ့ဇနီးဖြစ်သူ သေနတ်နဲ့ကျည်တွေခိုးပြီး PDF ဆီခိုလှုံလာ

အလင်းဝင်ရဲတပ်သားရဲ့ဇနီးဖြစ်သူ သေနတ်နဲ့ကျည်တွေခိုးပြီး PDF ဆီခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက အလင်းဝင်ရဲ ၁ ဦးရဲ့ဇနီးဟာ သေနတ် ၁ လက်နဲ့ ကျည်တွေခိုးယူပြီး ခိုလှုံလာခဲ့တယ်လို့ ဆင်ရိုင်းရာဇာပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ခိုလှုံလာသူဟာဟာ မြိုင်မြို့မရဲစခန်းက ရဲတပ်သား ၁ ဦးရဲ့ဇနီး အသက် ၂၈ နှစ်အရွယ် မယုယုဇာ ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး ခိုလှုံလာတာလို့ ဆိုပါတယ်။ 

“သူကထွက်ခွင့်မသာလို့ မထွက်ခဲ့တာ။ အရင်က ကျနော်တို့ဆီ ဆက်သွယ်ထားတာတော့ ကြာပြီ။ သူ့အမျိုးသားကလည်း အလင်းဝင်ထားတော့ သူ့မှာထွက်ဖို့အကြပ်အတည်းဖြစ်တယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်လည်း အခုမှထွက်ခွင့်ရတယ်။” လို့ ဆင်ရိုင်းရာဇာပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

အမျိုးသားဖြစ်သူ ရဲတပ်သားကလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ထားတာလို့ ဆိုပါတယ်။ 

မယုယုဇာ နဲ့အတူ G3 သေနတ် ၁ လက်နဲ့ G3 ကျည် ၁၉ တောင့်ပါလာပြီး လက်ရှိမှာသူ့ကို အဖွဲ့စခန်းမှာပဲ စောင့်ရှောက်ထားတယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။ 

ဒါ့အပြင် မြိုင်မြို့မရဲစခန်းက သေနတ်အခိုးခံလိုက်ရတဲ့ ရဲတပ်သားလည်း ထိုးကြိတ်စစ်ဆေးခံနေရတယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ အောက်တိုဘာ ၁၃ ရက်အထိ ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ရဲတပ်သား ၂ ဦးအပါအဝင် ခိုလှုံအလင်းဝင်လာသူ စုစုပေါင်း ၃ ဦးရှိပြီလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင်မြို့မရဲစခန်း #တပ်သားဇနီး #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10