အလိမ်မခံရအောင် Call ခေါ်ပါ (ပြည်သူမှ ပြည်သူသို့ ပေးစာ)

အလိမ်မခံရအောင် Call ခေါ်ပါ (ပြည်သူမှ ပြည်သူသို့ ပေးစာ)

Facebook ရဲ့ဟာကွက်နဲ့ လူ့အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး ထောက်ပို့ ငွေလိမ်အကောင့်တွေ များလာပါတယ်။ မသက်ဆိုင်သူတွေရဲ့လက်ထဲ မရောက်အောင် Fundraising အဖွဲ့လိုက်သာမက တဦးချင်းကပါ အသိ၊ သတိ၊ နည်းလမ်းတကျ တုံ့ပြန်မှသာ ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ‌ရာထောင်ချီ အလိမ်ခံရပုံကို လတ်တလော ဖြစ်ရပ်တချို့က သက်သေပြနေပါတယ်။ လေ့လာကြည့်စေလိုပါတယ်။ 

ငါးမည်ရ ပြည်ရွှေဘိုဘက်က မဟူရာ ရွှေဘိုသား LPDF ကြုံတွေ့နေရပုံနဲ့ စတင်ပါ့မယ်။

အဖွဲ့ ဘဏ္ဍာငွေရှာဖွေရေး တာ၀န်ခံ ကိုသက်ဇော်အောင်(ပေါက်စ)မှာ မိုးမခအမည်နဲ့ Facebook အကောင့်ရှိပါတယ်။ သူတင်နေတဲ့ လှုပ်ရှားမှု  ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို လိုက်ဖြန့်တဲ့ Yebaw Pauksa အမည်ရ အကောင့်တခုလည်း ပေါ်ထွက်နေပါတယ်။ ပရိုဖိုင် ဓာတ်ပုံကအစ  အတူသုံးထားတာပါ။ 

ဒါပေမယ့် မိုးမခက Post တွေကို Public ဖွင့်တင်တယ်၊ ပေါက်စက Friend only နဲ့ပဲ ကြိတ်ဝိုင်းတင်တယ်။ မိုးမခရဲ့ Friend list က ပေါ်တင် ပြထားတယ်၊ ပေါက်စအကောင့်က ပိတ်တယ်။

ပေါက်စက ကျပ်သိန်းပေါင်း ရာချီထောင်ချီ Campaign တွေ အလီလီနဲ့ ပွဲစည်နေပါတယ်။ တချို့သော နွေဦးဘုန်းဘုန်း၊ ၈၈ တွေ၊ NLD တွေ၊ Fundraiser တွေလည်း သူနဲ့က Friend။ Comment တွေရေး၊ ငွေပေးကြတယ်။ 

မိတ်ဆွေတယောက်က ပေါက်စက အတု၊ မိုးမခကမှ အစစ်လို့ အသိပေးလာပါတယ်။ သတိ၀င်လာအပြီး Video call လိုက်ခေါ်ရပါတော့တယ်။ ပေါက်စက မကိုင်၊ မိုးမခက ကိုင်တယ်။ ဒီတော့မှ အကြောင်းစုံ ဇာတ်ရည်လည်ရပါတယ်။

ကိုမြင့်အေး(အော်စလို)ဆီ ကိုကိုအောင်ကျော် (မုံရွာခရိုင် အမှတ် ၁ တပ်ရင်း) က နှုတ်ခမ်းနီဖိုး တောင်းပါတယ်။ အတုလားအစစ်လား မေးလာလို့ Fundraising Team တခုဆီ လှမ်းစုံစမ်းရပါတယ်။

Team တာ၀န်ရှိသူက "တပ်ရင်း ၁ Demo တပ်ခွဲတာဝန်ခံက ကိုဒီမိုပါ။ ကိုအောင်ကျော်ဆိုတာ မြို့နယ်ပကဖ တာဝန်ခံပါ။ သူတို့နှစ်ဦးအမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်နေတဲ့ Account ပါရှင်" လို့ ဆိုပါတယ်။

တခြားနေရာ နှစ်ခုလည်း ဒီလိုအကောင့်တု လိမ်နည်းမျိုးနဲ့ ခံရပြီးကြောင်း ထိုင်းအခြေစိုက် Fundraiser မစုမြတ်နိုင် (CDM) က သူသိထားသမျှ ရှင်းပြပါတယ်။ 

တခြားလိမ်နည်းတမျိုးလည်း ရှိပါတယ်။

ကျားခင်စိန် (ဒရုန်းအဖွဲ့ - မြောင်) က "စစ်ကိုင်းခရိုင် ၆ ကိုကောင်းသန့်ဇော် ကို ဖုန်းနဲ့အတူ ဟိုဘက်က အရှင်မိသွားတာ။ သူကျဆုံးတာက တနှစ်ရှိပြီ။ သူ့အမည်နဲ့၊ ပုံအဟောင်းတွေနဲ့ လိမ်စားနေကြတယ်" လို့ ပြောပြပါတယ်။ (ကျနော့်ကိုလည်း ဒီအကောင့် ငွေလာတောင်းတယ်။) 

ဘယ်နေရာတွေမှာ ဒါမျိုးတွေ ဖြစ်နေသလဲ၊ ထောက်ပို့ငွေ ဘယ်လောက် ပါသွားပြီလဲ၊ အကုန် မသိနိုင်ပါဘူး။ အထက်ဖော်ပြပါ ဖြစ်ရပ်တွေလောက်နဲ့တင် ကျပ်သိန်းပေါင်းထောင်ချီ အလိမ်ခံရပြီးကြောင်း သိနိုင်ပါတယ်။ 

ကိုယ့်ဘက်လှုပ်ရှားမှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို Social Media ပေါ်မှာ အလွယ်တကူရယူပြီး အတုတွေက အယုံသွင်းတာပါ။ သူတို့က ကရုဏာသက်ဖွယ် အသနားခံတတ်သလို၊ ကျနော်တို့ကလည်း မဆွတ်ခင်က ညွှတ်ချင်ချင်ပါ။ အရေးပေါ် ဆေးကုဖို့ ငွေလိုတယ်ဆိုရင် အလုအယက် ပြာယာခတ်ကြတာပါ။

ဇာတ်ရှုပ်ဇာတ်လိမ် အကွေ့အကောက်တွေ များပါတယ်။ လက်ဆုပ်လက်ကိုင် အခိုင်အမာပြဖို့၊ ဖမ်းမိဖို့ခက်ပါတယ်။ Facebook ရဲ့ ဟာကွက်နဲ့ အယုံလွယ် လူ့အားနည်းချက်ကြောင့် လုပ်စားဂွင် ပေါ်ပေါက်နေတာပါ။ အချက်အလက်တွေ  မအလ ဘက် ပေါက်နိုင်ပါတယ်။

သီးခြား အဆက်အသွယ်၊ အဆက်အစပ်တွေနဲ့ မလေ့လာဘဲ ပေးကမ်းတာဟာ သူခိုးကို ဓားရိုးကမ်း အန္တရာယ်ရှိပါတယ်။ ကိုယ်တွေလို မခံရအောင် သတိပေးတာပါ။ 

- အသိဟောင်း ဖြစ်ရင်လည်း မကြာခဏ Voice call ခေါ်ပါ။

- ကိုယ်လှူချင်တဲ့သူ ဟုတ်မဟုတ် နီးရာအဖွဲ့တွေ၊ အသိတွေနဲ့ပါ စစ်ဆေးကြည့်ခိုင်းပါ။ 

- Video call ခေါ်ဖို့ အားမနာပါနဲ့။ ဒါက အလုပ်သဘောမို့ပါ။ 

- တပ်ဖွဲ့တွေဘက်ကလည်း Key Performance Indicator ထားရှိကြပါ။ အလုပ်ဖြစ်ကြပါစေ။

(ရဲရင့်အောင်)

#မြေလတ်အသံ

#ပြည်သူမှပြည်သူသို့ပေးစာ #တော်လှန်ရေး #အလှူငွေ #လူလိမ် #လိမ်လည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10