အလုပ်ကိစ္စသွားတဲ့ PDF တွေ ရေတာရှည်နယ်ထဲမှာ ၂ ဦးပစ်သတ်ခံရပြီး ၃ ဦးအဖမ်းခံရ     ■ လက်နက်၊ခဲယမ်းတွေပါ ဆုံးရှုံး

အလုပ်ကိစ္စသွားတဲ့ PDF တွေ ရေတာရှည်နယ်ထဲမှာ ၂ ဦးပစ်သတ်ခံရပြီး ၃ ဦးအဖမ်းခံရ  ■ လက်နက်၊ခဲယမ်းတွေပါ ဆုံးရှုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဇရစ်စမ်းကျေးရွာအနီး ငွေတောင်-ချောင်းမကျည်းသွားလမ်းနဲ့ ချောင်းမကျည်းဆည်အနီးမှာ အလုပ်ကိစ္စသွားတဲ့ PDF ရဲဘော်တွေထဲက ၃ ဦး ဖမ်းဆီးခံရပြီး ၂ ဦး ပစ်သတ်ခံရတယ်လို့ ရေတာရှည်ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တခုဆီက သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့လယ် ၁ နာရီခန့်မှာ PDF ပူးပေါင်းအဖွဲ့ဝင် စုစုပေါင်း ရဲဘော် ၈ ဦးဟာ ဆိုင်ကယ်တွေနဲ့ ငွေတောင်-ချောင်းမကျည်းသွားလမ်းအတိုင်းသွားနေချိန် ဆိုင်ကယ်ဘီးပေါက်တာကြောင့် ရဲဘော် ၃ ဦးက ဆိုင်ကယ်ပြင်ဖို့ ကျန်ခဲ့ချိန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ 

အဲ့ဒီနောက် အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီလောက်မှာတော့ ကျန်တဲ့ရဲဘော် ၅ ဦးက ချောင်းမကျည်းဆည်အနီးက ကြံခင်းထဲမှာပုန်းခိုနေချိန် စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး ပစ်ခတ်ရာ နောက်ထပ်ရဲဘော် ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကနဦးနေ့ကတော့ ဘီးပေါက်လို့ပြင်နေတဲ့ရဲဘော်တွေကို စကစဘက်က ဖမ်းသွားတယ်။ ကျန်ရဲဘော်တွေနေတဲ့နေရာက သက်ကယ်ကောက်တဲ့မိန်းမတယောက်ကတွေ့ပြီး ဇရစ်စမ်း(ရွာ)အုပ်ကြီးကို အကြောင်းကြား။ အဲ့ကနေ စကစကသိပြီး လာပစ်ဖမ်းတာ။"လို့ ရေတာရှည်အခြေစိုက် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီအခြေအနေတွေကို ထွက်ပြေးလွတ်မြောက်လာတဲ့ PDF ရဲဘော်တချို့ရဲ့ ပြောပြချက်အရ သိရှိရတာဖြစ်ပြီး လက်ရှိမှာရဲဘော်တွေဆီက လက်နက်၊ လက်ပစ်ဗုံး၊ ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံရတာတွေရှိပေမယ့် အရေအတွက်ကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးပစ်သတ်ခံရသူတွေထဲမှာ စစ်ကိုင်းတိုင်းအခြေစိုက် PDF အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ 

"ကျနော့်အဖွဲ့က ဖမ်းခံရတဲ့နေရာမှာ ရဲဘော် ၁ ဦးကျထားတယ်လို့ သိရတယ်။ ၁ ယောက်ဖမ်းခံထားရတယ်။ အလုပ်ကိစ္စခရီးသွားရင်း အသွားမှာဖြစ်တာ။ ကျန်တာကတော့ အဆက်အသွယ်ပြတ်နေတော့ စုံစမ်းနေဆဲပါ"လို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့နေရာမှာ ရဲဘော်အောင်ဒင် သေဆုံးခဲ့ပြီး နောက်ထပ်ရဲဘော် ၁ ဦးလည်း ဖမ်းဆီးခံထားရကာ ကျန်သူတွေကတော့ အခြားအဖွဲ့ကရဲဘော်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လွတ်မြောက်သွားတဲ့ PDF ရဲဘော် ၃ ဦးကလည်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ ရောက်ရှိခိုလှုံနေတယ်လို့ သိရကြောင်း ရေတာရှည်အခြေစိုက် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူအားလုံးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ သိမ်းဆည်းခံရတဲ့ ပစ္စည်းအရေ အတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ ရေတာရှည်မြို့နယ်အတွင်းမှာ PDF အဖွဲ့တွေကို ပစ်ခတ် ဖမ်းဆီးရာမှာ ၂ ဦးသေဆုံးပြီး ၃ ဦးဖမ်းဆီးရမိထားသလို သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၄၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်အိမ် ၃ ခု၊ အိုင်ကွန် ၄ လုံး၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်တွေပါဖမ်းဆီးရမိထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

ပုံစာ - စစ်ကောင်စီတယ်လီဂရမ်တွင်ဖော်ပြထားသည့် ဖမ်းဆီးခံ PDF ရဲဘော်များနှင့် သိမ်းဆည်းရမိသည့်ပစ္စည်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #PDF #ဖမ်းဆီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10