သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြိုင်ဒေသတိုက်ပွဲတွေကနေ အောင်ပွဲရ ရဲဘော်တွေကို ကြိုဆိုနေတဲ့ရုပ်သံဖိုင်မှာပါတဲ့ စစ်သုံ့ပန်း ၂ ယောက်ကို မြင်လိုက်တဲ့အခါ ကျနော် အရမ်းအံ့သြမိသွားတယ်။ ကျနော့် ဦးနှောက်ကို ၃ မိနစ်လောက် အလုပ်ပေး စဉ်းစားလိုက်တော့ ငယ်ဘဝအစိတ်အပိုင်းတွေ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်ပြန်ပေါ်လာပြီး တခုခုကို သတိရမိသလို ဖြစ်လာတယ်။ အဲဒီစစ်သုံ့ပန်း ၂ ဦးက ကျနော်နဲ့ ရင်းရင်းနှီးနှီးရှိခဲ့တာ မဟုတ်ပေမယ့် သူတို့ကို ကျနော် ကောင်းကောင်းကြီး သေချာမှတ်မိနေတယ်။
ဇာတိမြေကို နှစ် ဆယ်နဲ့ချီပြီး ပြန်မရောက်တဲ့သူတွေအတွက် ကိုယ့်ဇာတိမြေက လူတချို့နဲ့ မထင်မှတ်ဘဲ ပြန်ဆုံတဲ့အချိန်မှာ ကြုံရတဲ့ခံစားချက်မျိုးပေါ့။ ဒါပေမယ့် ဒီလူနှစ်ယောက်ကို မြင်လိုက်ရတာတော့ အဲ့ဒီလို ခံစားချက်မျိုးအပြင် ကျနေ့ာ်ဇာတိမြေ ကပစတပ်က စစ်သားတွေရဲ့ အဆုံးသတ်ဟာ “ဒီလိုပါလား” ဆိုတဲ့ သံဝေဂမျိုးလို ခံစားချက်ကိုပါ ရလိုက်တယ်။
ဩဂုတ်လ ၂၂ ရက် က လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာတဝိုက် တိုက်ပွဲတွေကနေ အောင်မြင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို မြိုင်ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ မိနစ်ပိုင်းကြာရုပ်သံကို ကြည့်မိပြီး ကျနော် ပြန်တွေးနေမိတာပါ။
အဲ့ဒီရုပ်သံဖိုင်မှာ ဒေသပြည်သူတွေ ကြိုဆိုနေချိန် တိုက်ပွဲအောင်မြင်လာတဲ့ ရဲဘော်တွေအပြင် တိုက်ပွဲအတွင်း က အရှင်ဖမ်းမိလာတဲ့ အရပ်ဝတ် ဝတ်ဆင်ထားသူ စစ်သုံ့ပန်း စစ်ကောင်စီတပ်သား ၂ ယောက်လည်း ကြိုနေတဲ့လူတန်းထဲ ပါလာတာပါ။
အဲ့ဒီစစ်သုံ့ပန်း ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက နာမည်နဲ့ တာဝန်ကျတပ်ရင်းကို မေးမြန်းတော့ ပထမတဦးက အမည် “အေးချမ်းဖြိုး ကပစ ၁၀” ၊ နောက်တဦးက အမည် “ဟိန်းသန့်၊ ကိုယ်ပိုင်အမှတ် - တ/၁၈၂--- ၊ ကပစ ၂” လို့ ပြန်ဖြေတယ်။
လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဆုံးသတ်က အနှေးနဲ့အမြန် ဒီလိုဖြစ်လာမယ်ဆိုတာသိထားပေမယ့် ကျနော့်ဇာတိ ကပစတပ်က လူတွေကတော့ ဒီလိုအဆုံးသတ်က စောတယ်လို့ ထင်နေမိတယ်။
ဘာလို့ အဲဒီလိုယူဆရလဲဆိုရင် ကျနော့်ဇာတိမြေအကြောင်းအနည်းငယ်ထည့်ပြောမှ ရမယ်။ ကပစ ၂ နဲ့ ကပစ ၁၀ က မကွေးတိုင်း၊ အထက်မင်းလှမြို့ နယ်ထဲမှာ ကပ်လျက်ရှိတယ်။ ကပစ ၂ က မလွန်ကျေးရွာမှာ အခြေစိုက်တယ်။ ကပစ ၁၀ က ကုန်းကြီးရွာမှာ အခြေစိုက်တယ်။ အဲ့ဒီတပ် ၂ ခုက ၆ မိုင်လောက်ပဲ ခြားတယ်။
ကျနော်တို့ခေတ်တုန်းက စက်ဘီးခေတ်ဆိုတော့ အဲ့လောက်မိုင်အကွာအဝေးတောင် တနေရာနဲ့တနေရာ ရောက်ဖို့ခဲယဉ်းတယ်။ ကျနော်လူမှန်းသိတတ်စအရွယ်လောက်မှာ ခုနရုပ်သံဖိုင်မှာပါတဲ့ ဟိန်းသန့်ဆိုတဲ့ လူက ကပစ ၂ တပ်ထဲကို ရောက်လာတယ်။ သူ့ဇာတိက မကွေးတိုင်းထဲက မြို့နယ်တခုကလို့ပဲ မှတ်မိတယ်။ ကျနော်ဇာတိမြေကို စွန့်ခွာချိန်လောက်မှာ သူက လုပ်သက်ရင့်စစ်သားတဦးဖြစ်နေပြီ။
နောက် အေးချမ်းဖြိုး ဆိုတဲ့ တယောက်က ကပစ ၁၀ မှာပဲ မွေးပြီး ကပစ ၁၀ တပ်ကိုပဲ ပြန်ဝင်တဲ့သူ။ ကျနော့်ထက် အသက်နဲ့အတန်းငယ်ပေမယ့် အထက်တန်းကျောင်းတက်တုန်းက အတူတူဆိုတာ သိတယ်။ သူ့ငယ်ရုပ်မပျောက်ဘူး။
အထက်မင်းလှမြို့ဆိုတာ ဝန်ထမ်းမြို့လို့ ပြောလို့ရတယ်။ မကွေးတိုင်းထဲမှာ ရေနံထွက်တာကလွဲရင် အလုပ်အကိုင်အခွင့်အလမ်းက အစိုးရဝန်ထမ်းအပြင် တခြားမရှိဘူး။ ဒါကလည်း မကွေးတိုင်းထဲက မင်းလှတမြို့တည်း မဟုတ်ဘူး။ မြို့နယ်အများစုမှာလည်း ဒီလိုပါပဲ။ အစိုးရအလုပ်ကလည်း လူအကန့်အသတ်ရှိနေတော့ တိုးလို့မလွယ်။
၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ကာလနဲ့ ၂၀၁၃ လောက်အထိ ကျနော်တို့မြို့မှာ အလုပ်အကိုင်နဲ့ပတ်သက်ရင် ၃ မျိုးလောက်ပဲ ရှိတယ်။ ၁၀ တန်းအောင်တဲ့သူဆို အမှတ်အခြေအနေကြည့်ပြီး DSA နဲ့ DSTA လျှောက် စစ်တပ်ထဲဝင်၊ အဲ့ဒီစစ်တက္ကသိုလ်တွေက အရွေးမခံရဘူးဆိုရင် ၁၀ တန်းအောင်နဲ့ ကပစတပ်ထဲကိုဝင်ပြီး အသက်ငယ်ငယ်နဲ့ တပ်ကြပ်ကြီးလုပ်။ ၁၀ တန်းကျတဲ့သူနဲ့ ၁၀ တန်းအထိ ရောက်မလာတဲ့သူဆိုရင် အောက်ခြေတပ်သားဘဝနဲ့ ကပစတပ်ကိုဝင်။ အဲ့ဒီလိုနည်းမျိုးစုံနဲ့ စစ်တပ်ထဲဝင်ရောက်နေသူတွေချည်းပဲ။ လူငယ်၊ လူရွယ် အကုန်လုံးကို မဆိုလိုပေမယ့် အများစုက ဒီ ၃ မျိုးထဲက ရုန်းမထွက်နိုင်ကြဘူး။
အဲ့ဒီကာလကလည်း စစ်တပ်က အစိုးရဝန်ထမ်းတွေထဲ လစာအများဆုံး။ သာမန်ရဲဘော်(တပ်သား) တယောက်က ၁၅၀,၀၀၀ ကျပ်လောက်နဲ့ တပ်ကြပ်ကြီးလောက်ဆို ကျပ် ၂ သိန်းဝန်းကျင်ဆိုတော့ ပုဂ္ဂလိက အလုပ်တွေ ရှာကြံ လုပ်မနေကြတော့ဘူး။ ကိုယ့်အိမ်နဲ့လည်း နီးတယ်၊ သက်တောင့်သက်သာပဲ။ စစ်တပ်ကလည်း အကန့်အသတ်မရှိ လိုသလောက်လက်ခံနေတာဆိုတော့ အပြိုင်အဆိုင်တွေ ဝင်ကြတာ။
မိန်းကလေးတွေဆိုရင် အရပ်ဘက်တက္ကသိုလ်တွေထက်စာရင် နေစရိတ်၊ စားစရိတ်ငြိမ်းပြီး သင်တန်းတက်ရင်းလစာပါရတဲ့ စစ်တပ်ကဖွင့်တဲ့ အမျိုးသမီးစစ်သူနာပြု၊ သားဖွား စတဲ့သင်တန်းတွေ ရွေးချယ်တက်၊ အစိုးရကျောင်းဆရာမ (TTC) လျှောက်၊ ဒါတွေပဲများတာပေါ့။
ကပစတပ်တွေက စစ်တိုက်လည်း မထွက်ရ၊ ခြေလျင်/ခြေမြန်တပ်တွေလို စည်းကမ်းတင်းကျပ်တာမျိုးလည်းမရှိ လွတ်လပ်တယ်။ ဇာတိမြေမှာ အလုပ်အကိုင်အခွင့်အလမ်းတခုအနေနဲ့ အိုးမကွာ အိမ်မကွာ အလုပ်လည်းရှိ၊ ဂုဏ်လည်းရှိဆိုတာမျိုးနဲ့ မိဘတွေကလည်း အားပေးကြတော့ မင်းလှမြို့ပေါ်နဲ့ အနီးတဝိုက် ကျေးရွာတော်တော်များများက မျိုးဆက် ၂ ခုလောက်က ကပစ စစ်သားတွေ။
ကျနော်နဲ့ ရင်းနှီးတဲ့ မင်းလှနဲ့ နီးစပ်ရာမြို့နယ်တဝိုက်တွေမှာ စစ်သားစုဆောင်းရေးလုပ်နေတဲ့ စစ်သားတယောက်ဆီက သိရတဲ့အချက်အလက်အရဆိုရင် ၂၀၁၀ ကနေ ၂၀၁၅ လောက်ကြားကာလတွေမှာ အဲဒီဒေသတဝိုက်ကနေ လစဉ် ကပစ စစ်သား ၃၀ ကနေ ၅၀ အထိ စုဆောင်းနိုင်တယ်လို့ သိရတယ်။ အဲ့ဒါ သူတဦးတည်းစုဆောင်းနိုင်တဲ့အရေအတွက် (အဲ့ဒီနောက်ပိုင်းတော့ သိပ်မရတော့ဘူး။ အာဏာသိမ်းပြီးတော့ လုံးဝမရတော့တဲ့ အခြေအနေ)။
နောက်တခုက ကပစ စက်ရုံတွေက ထုတ်လုပ်ရေးပိုင်းတွေအတွက် စစ်သားတွေအပြင် “စစ်သည်အစားခန့်ဝန်ထမ်း” လို့ ခေါ်တဲ့ အမျိုးသမီးဝန်ထမ်း ရာနဲ့ချီပြီးခန့်ပေးတော့ သူ့ကန့်သတ်ချက်နဲ့ ကိုက်ညီတဲ့ ကပစတပ်တွေနဲ့ နီးစပ်ရာမြို့နယ်တွေက အမျိုးသမီးတွေကအစ စစ်တပ်ထဲမှာ အလုပ်ရနိုင်တဲ့အခြေအနေ။
အဲ့ဒါကြောင့် မင်းလှနယ်နဲ့အလှမ်းဝေးတဲ့ သရက်နဲ့မင်းတုန်းနယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေကလွဲရင် မင်းလှမြို့နဲ့ အနီးတဝိုက်ကျေးရွာက ကပစစစ်သားနဲ့ဆက်စပ်ပြီးနေထိုင်တဲ့ အစိမ်းရောင်နယ်မြေကြီးတခုလို ဖြစ်နေတာပေါ့။
၂၀၂၁ စစ်အာဏာသိမ်းပြီးကာလ နိုင်ငံတဝှမ်းဆန္ဒပြပွဲတွေ အုံးအုံးကြွက်ကြွက် ဖြစ်နေချိန်မှာ မင်းလှနယ်မှာ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ဖျောက်တောက်ဖျောက်တောက်သာ ကြားလိုက်ရပြီး စစ်တပ်သေနတ်သံ တချက်မကြားလိုက်ရဘဲ ဆန္ဒပြပွဲတွေ ပြီးဆုံးသွားတယ်။ ဦးဆောင်တက်ကြွလှုပ်ရှားသူတချို့တော့ ချက်ချင်းတိမ်းရှောင်ကြရတယ်။
ဒါပေမယ့် ၂၀၁၅ ရော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၂ ခုစလုံးမှာ အထက်မင်းလှမှာ NLD ပါတီ အနိုင်ရတယ်။ အမတ်အဖြစ်ရွေးချယ်ခံရသူတွေလည်း အခုအထိ တော်လှန်ရေးမှာ ခေါင်းဆောင်တွေအဖြစ်နဲ့ ပါဝင်လှုပ်ရှားနေတာ တွေ့ရတယ်။
အဲ့ဒီလိုအစိမ်းရောင်နယ်မြေမှာရှိနေတဲ့ ကပစ ၂ နဲ့ ကပစ ၁၀ က စစ်သားတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ကပစတပ်တွေကို ချဉ်းကပ်တိုက်ခိုက်ဖို့ မလွယ်ကူ။ နိုင်ငံအနှံ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ပြင်းထန်နေတယ်ဆိုပေမယ့် အဲဒီကပစစစ်သားနဲ့ တပ်မိသားစုဝင်တွေအနေနဲ့လည်း အမှုမဲ့အမှတ်မဲ့လောက်ပဲလို့ ယူဆနေပုံရတယ်။
အဲဒါကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကပစတပ်စစ်သား ၂ ဦး မြိုင်ဒေသကို ဘယ်လိုရောက်ရှိလာသလဲဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတချို့ပြောပြတာက မလွန်တပ်နယ်နဲ့ သရက်တပ်နယ်က စစ်သားတွေကို ထုတ်နုတ်ပြီး မြိုင်မြို့နယ်က တကစ ၃ ဒေသအခေါ် မြိုင်စက်မှု ၂ လှည်းပွဲစက်ရုံကို ပို့တယ်တဲ့။ အဲ့ဒီကတဆင့် မြိုင်မြို့နယ်နဲ့အနီးတဝိုက်စခန်းတွေမှာ စခန်းထိုင်နဲ့ လှုပ်ရှားစစ်ကြောင်းထွက်ရတယ်လို့ ဆိုတယ်။
မလွန်တပ်နယ်မှာက ကပစ ၂ ၊ ကပစ ၁၀ ၊ စခန ၉၄၉ တပ်ရင်း ၃ ခု ရှိပြီးတော့ သရက်တပ်နယ်မှာက ကပစ ၁၂၊ ကပစ ၁၅၊ ခလရ ၄၄၊ ခလရ ၇၅၊ ကပစ ၁၈ တပ်ရင်း ၅ ခု ပါဝင်တယ်လို့သိရတယ်။ အဲ့ဒီတပ်တွေထဲက ကပစ စစ်သားတွေကို ထုတ်နုတ်ပြီး မြိုင်ကိုပို့ဆောင်တာမှာ အဲ့ဒီ ကျနေ့ာ်မိတ်ဟောင်းဆွေဟောင်း စစ်သုံ့ပန်း ၂ ဦးလည်း ပါလာတာလို့ သိရတယ်။
ကိုင်းတောမရဲစခန်း တိုက်ခိုက်ခံနေရချိန် အဲ့ဒီကို သူတို့(စစ်သုံ့ပန်း)စစ်ကြောင်းစစ်ကူသွားရတော့ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံရပြီး အဲ့ဒီ ၂ ယောက်အဖမ်းခံလိုက်ရတာ ဖြစ်တယ်။
ဒီတော့ တသက်လုံးစစ်မတိုက်ရဘူး၊ (လက်နက်)စက်ရုံမှာ သက်တောင့်သက်သာ အလုပ် တက်၊ ဆင်း လုပ်ရုံပဲဆိုပြီး အလုပ်မရှိ၊ စီးပွားရေးအဆင်မပြေတာတခုနဲ့ ယခင်ကာလတွေမှာ ကပစတပ်တွေကိုဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်သင့်နေပါပြီ။
တိုက်ပွဲရှေ့တန်းစစ်ဆင်ရေးနဲ့ပတ်သက်လို့ သင်တန်းကျောင်းတွေလောက်မှာပဲ ကြားဖူးနားဝရှိပြီး မြဝတီကလွှင့်တဲ့ "စစ်သား သေလည်းမြတ်တယ်၊ နေလည်းမြတ်တယ်" ဆိုတဲ့ ဇာတ်ညွှန်းဖွဲ့ရိုက်တဲ့ ဝါဒဖြန့်စစ်ကားတွေကြည့်ပြီး စစ်မှုထမ်းသက်များလာတဲ့ ကပစစစ်သားတွေအနေနဲ့ လက်ရှိ စစ်ခေါင်းဆောင်တွေရဲ့ စစ်အာဏာသိမ်းမှုအကြား ထိုးကျွေးခံနေရတဲ့ အခြေအနေပါ။
ကိုယ့်ဒေသမှာ ဘာတိုက်ပွဲမှ မရှိသေးလို့ဆိုပြီး နေရင်းကနေ အဲ့ဒီလိုပို့ဆောင်ခံရတာ ကိုယ့်အလှည့်ကျလာရင် တချိန်မဟုတ်တချိန် ၊ အနှေးနဲ့အမြန် ကြုံတွေ့ရမှာဖြစ်တယ်။ မင်းလှနယ် အစိမ်းရောင်နယ်မြေကဆိုပြီး အေးရာအေးကြောင်းတွေးနေတဲ့ ကပစတပ်တွေအနေနဲ့လည်း တော်လှန်ရေးတပ်တွေက မင်းလှမြို့နယ်ထဲက ပုသိမ်-မုံရွာလမ်းပိုင်းပေါ်အထိ ရောက်နေပြီဆိုတာကိုလည်း သတိချပ်စေချင်တယ်။
မင်းလှနယ်က စစ်သားတွေ အခုလိုဖြစ်လာတာ စောသေးတယ်လို့ ကျနော်မြင်တယ်။ နောက်ထပ် ကိုယ့်အသိတွေထဲက ဘယ်သူတွေကို မြင်ရဦးမလဲလို့ တွေးနေမိတယ်။ ကျနော်ဒါမျိုးတွေ ထပ်မမြင်ချင်တော့ဘူး။ အထူးသဖြင့်တော့ “အလုပ်မရှိ စစ်ထဲဝင်” နဲ့ ကပစတပ်ထဲရောက်ကုန်တဲ့ ကျနေ့ာ် မိတ်ဆွေဟောင်းတွေ ဒီအခြေအနေကနေ ရုန်းထွက်လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းမိတယ်။
ရေးသားသူ - မိုးသား (ပြင်ပဆောင်းပါးရှင်)
#မြေလတ်အသံ
#ကပစ #အလုပ်မရှိစစ်ထဲဝင် #စစ်ဆင်ရေး #ထုတ်လုပ်ရေး #စစ်သုံ့ပန်း
Share Share Share