အသက်စွန့်တိုက်ကြဖို့နဲ့ သစ္စာရှိဖို့ စစ်ခေါင်းဆောင် ထပ်မံသတိပေး (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းရဲ့လက်အောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အသက်စွန့်တာဝန်ထမ်းဆောင်ကြဖို့နဲ့ သစ္စာရှိကြဖို့ ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။

ဩဂုတ် ၃၁ ရက် မနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီအမျိုးသမီး ဗိုလ်သင်တန်းကျောင်းမှာ ၎င်းရဲ့လက်အောက် အမျိုးသမီးဗိုလ်လောင်း၊ သင်တန်းသား၊ နည်းပြအရာရှိတွေနဲ့ မှော်ဘီလေတပ်က တပ်ဖွဲ့ဝင်တွေကို တွေဆုံအမှာစကားပြောကြားရာမှာ အခုလိုထည့်သွင်းပြောဆို သတိပေးခဲ့တာပါ။

“ တပ်မတော်သို့ဝင်ရောက်လာကြသူများဟာ တပ်မတော်သားများရဲ့ သစ္စာ ၄ ချက်မှာ အမြင့်ဆုံးသစ္စာ ဆိုချက်ဖြစ်တဲ့ ' ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ င့ါတပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ' ဆိုတဲ့ သစ္စာဆိုချက်အတိုင်း စောင့်ထိန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဲ့ဒီလို နိုင်ငံတော်အပေါ် သစ္စာဆိုထားတဲ့ တပ်မတော်သားတဦးချင်းစီအနေဖြင့် မိမိကိုယ်ကို ၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ်သစ္စာရှိရမှာဖြစ်ပြီး ခံယူချက်ကောင်းရမှာ ဖြစ်ကြောင်း” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးတွေမှာ တပ်မမှူး ဗိုလ်မှူးချုပ်အဆင့်တွေက စတင် အလံဖြူထောင်ကာ လက်နက်ချမှုဖြစ်စဉ်တွေ တိုက်ပွဲတိုင်းနီးပါး ဖြစ်ပေါ်နေတဲ့အပြင် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လက်နက်နဲ့အလင်းဝင်တဲ့ ဖြစ်စဉ်တွေ နေရာဒေသအနှံ့ဖြစ်ပွားနေပြီးတဲ့နောက် စစ်ခေါင်းဆောင်က အခုလို ထပ်မံသတိပေးပြောဆိုလာတာပါ။

အဆိုပါ တိုင်းရင်းသားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းက တိုင်းစစ်ဌာနချုပ်တခုအပါအဝင် စစ်ကောင်စီတပ်စခန်း၊ နောက်တန်းဌာနချုပ်တွေ အများအပြားဆုံးရှုံးထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မြို့နယ်ပေါင်း ၇၀ ကျော်အထိ သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သတိပေးပြောဆို #အသက်စွန့် #၁၀၂၇ #စစ်ရေးရှုံးနိမ့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10