အသက်နဲ့ ပိုင်ဆိုင်သမျှရင်းပြီး ရပ်တည်နေကြတဲ့ အညာက LPDF တွေရဲ့ တော်လှန်ရေးခရီးရှည် (ဆောင်းပါး)

အသက်နဲ့ ပိုင်ဆိုင်သမျှရင်းပြီး ရပ်တည်နေကြတဲ့ အညာက LPDF တွေရဲ့ တော်လှန်ရေးခရီးရှည် (ဆောင်းပါး)

ဗိုလ်စက်ြာတယောက် သူပိုင်ဆိုင်တဲ့ မြေကွက်တကွက်ကို ရောင်းချဖို့ ကြိုးစားနေပါတယ်။ အရင်ကလည်း သူ့မိသားစုပိုင်ဆိုင်တဲ့ လယ်ထွန်စက်၊ ဖောကား၊ ခွေးဘီလူး စတဲ့မော်တော်ယာဉ်တွေအပါအဝင် လယ် ၁၂ ဧက၊ မန္တလေးမြို့မှာရှိတဲ့ မြေကွက်တကွက် စတာတွေကို ရောင်းလို့ကုန်သွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခု သူ့ရဲ့နောက်ဆုံး လက်ကျန်မြေတကွက်ကို ရောင်းချဖို့ လုံးပန်းနေတာဟာ သူ့တပ်ရင်းက ရဲဘော်တွေကို လက်နက် ထပ်မံတပ်ဆင်ပေးဖို့ပါ။   

သူဟာ မြောင်မြို့နယ်အခြေစိုက် CDSOM တိုက်ခိုက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး သူ့တပ်ဖွဲ့မှာ ကိုယ်ပိုင်ငွေနဲ့ ဝယ်ယူဖြည့်တင်းထားတဲ့ သေနတ် ၁၅ လက်ရှိထားပြီး ဖြစ်ပါတယ်။ 

“တော်လှန်ရေး မြန်မြန်ပြီးချင်လို့ လုပ်လိုက်တာပဲ၊ ရောင်းတာများဆို ဘာမှကို မရှိတော့ဘူး” လို့ ဗိုလ်စက်ြာက ရယ်မောလျက် ပြောပါတယ်။ 

အညာဒေသက စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ ဗိုလ်စက်ြာ နည်းတူ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေရောင်းပြီး ကိုယ်ထူကိုယ်ထ ကိုယ့်ထူးကိုယ်ချွန်ပြီး တော်လှန်ရပ်တည်နေကြရတာဟာ ဒီနေ့အထိပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်နေရတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အများစုဟာ အခုလို ပိုင်ဆိုင်မှုတွေ ရောင်းချပြီး ရပ်တည်နေကြရတာပါ။ 

နွေဦးတော်လှန်ရေး ကာလကြာလာတာနဲ့အမျှ ထောက်ပို့ရတဲ့ ပြည်သူတွေလည်း ပင်ပန်းလာသလို အလှူခံရတဲ့ တပ်ဖွဲ့တွေအနေနဲ့လည်း ပြည်သူတွေအပေါ် အားနာတာတွေ၊ အလှူရှင်နဲ့ ချိတ်ဆက်ရ ခက်ခဲတာတွေကြောင့် ပိုင်ဆိုင်မှုတွေကိုသာ ရောင်းချပြီး တပ်ရင်းအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းနေရတယ်လို့ ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

အခုလို ပိုင်ဆိုင်မှုတွေ ရောင်းချတဲ့အပေါ်  အမျိုးသမီးနဲ့ မိခင်ဖြစ်သူကတော့ နှမြောပေမယ့် တော်လှန်ရေး မြန်မြန်ပြီးဖို့သာ တွေးကြတဲ့အတွက် ဗိုလ်စက်ြာရဲ့ လုပ်ဆောင်မှုတွေအပေါ် ကန့်ကွက်တာမျိုးတော့ မလုပ်ခဲ့ကြ ဘူးလို့ သူက ပြောပြပါတယ်။ 

တော်လှန်ရေးကာလ ၃ နှစ်ကျော်ကို ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရောင်းချပြီး အခုလို အိတ်စိုက်တော်လှန် နေတဲ့ နောက်တပ်ဖွဲ့တခုကတော့ Young Force UG တပ်ဖွဲ့ဖြစ်ပါတယ်။

ဒီတပ်ဖွဲ့ဟာ ပခုက္ကူမြို့နယ်မှာ အခြေစိုက်လှုပ်ရှားတဲ့အဖွဲ့ဖြစ်ပြီး သူတို့တပ်ဖွဲ့ကို ခြံကွက်နဲ့ လက်ဝတ်ရတနာ တချို့ကို ထုခွဲရောင်းချပြီး စတင်ဖွဲ့စည်းခဲ့ကြတာလို့ တပ်ဖွဲ့ရဲ့ တာဝန်ခံဖြစ်တဲ့ ကိုဝိုင်ပီက ပြောပါတယ်။ 

ကိုဝိုင်ပီ ဟာ မိသားစုပိုင် ခြံကွက်တခုကို ကျပ်သိန်း ၂၇၀ နဲ့ ရောင်းပြီး ရလာတဲ့ငွေနဲ့ ပစ္စတိုတလက်ဝယ်ပြီး မြို့ပေါ်မစ်ရှင်တွေကို လုပ်ရာကနေ တပ်ဖွဲ့ကို စတင်ခဲ့တာဖြစ်ပါတယ်။ 

“လက်နက်ဝယ်မယ်ဆိုပြီး လုပ်တဲ့ချိန် ပိုက်ဆံတပြားမှ မရှိဘူး။ အိမ်ကဝယ်ထားတဲ့ ဝိုင်းကို ကိုယ်တိုင်လိုက်စပ် ရောင်းပြီး အတိုတလက် စဝယ်တယ်။” လို့ သူက ရှင်းပြပါတယ်။ 

ခြံဝိုင်းရောင်းရငွေနဲ့ ဝယ်ထားတဲ့ ပစ္စတိုကို အသုံးပြုပြီး UG အနေနဲ့ မြို့ပေါ် မစ်ရှင်တွေကို ၈ လကျော်လောက် လုပ်ပြီးနောက် အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရကာ မြို့ပေါ်မှာ နေထိုင်လို့မရတော့တာကြောင့် တောထဲကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။

ပြောင်းရွှေ့ချိန်မှာ တပ်ဖွဲ့အတွက် ရိက္ခာနဲ့လက်နက် ထပ်မံဖြည့်တင်းဖို့ လိုအပ်တာကြောင့် သူ့ရဲ့ဆိုင်ကယ်ဘီးကြီး ၁ စီး၊ ဘီးသေး ၁ စီး၊ လက်စွပ် ၁ ကွင်းကို ရောင်းချလိုက်ရပြီး လက်စွပ် ၂ ကွင်းကို ပေါင်ခဲ့ရပါတယ်။ အဲဒီနောက် ပစ္စတို ၂ လက် ထပ်ဝယ်ခဲ့ရတယ်လို့ ကိုဝိုင်ပီက ပြောပါတယ်။ 

သိန်း ၂၄၀ တန် သေနတ်တလက်ဝယ်ယူနိုင်ဖို့ကို ပြည်သူလှူဒါန်းတဲ့ ငွေကျပ်သိန်း ၁၀၀ ၊ ရင်းနှီးတဲ့သူတွေဆီက ကျပ်သိန်း ၁၀၀ ချေးငှားပြီး ကျန်တဲ့ ကျပ်သိန်း ၄၀ ကို တပ်ရင်း ရဲဘော်တွေဆီက ရောင်းလို့ရတဲ့ ပစ္စည်းတွေကိုရောင်းချပြီး တပ်ဖွဲ့အတွက် လက်နက်ဝယ်ခဲ့ရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ 

သူတို့တပ်ဖွဲ့မှာ စစ်ရေးလှုပ်ရှားမှုကုန်ကျစရိတ်နဲ့ ရဲဘော်တွေ စားသောက်စရိတ်အပါအဝင် သိန်း ၈၀ လောက် လစဥ်ကုန်ကျနေတာပါ။ ရဲဘော်တွေကို လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းပေးရင်း တင်နေတဲ့အကြွေးကလည်း ကျပ်သိန်း ၁၁၀၀ ကျော်ရှိနေတယ်လို့ ကိုဝိုင်ပီက သူထမ်းထားရတဲ့ ငွေကြေးလိုအပ်ချက် အခက်အခဲကို ပြောပြပါတယ်။

“ရှိတာတွေ ထပ်ရောင်းမှာလားဆို ကိုယ့်မှာရှိရင်တော့ ရောင်းချင်တယ်။ ဒါပေမယ့် ရောင်းစရာက မရှိတော့ဘူး။” လို့ သူက ဆိုပါတယ်။ 

လက်ရှိမှာတော့ တပ်ဖွဲ့အတွက် အပိုငွေမထွက်အောင် ရာသီပေါ် သီးနှံစိုက်ပျိုးပြီး ရိက္ခာချွေတာပြီး နေကြရတယ်လို့ ဆိုပါတယ်။ 

အခုလို ကိုယ်ထူကိုယ်ထ ရပ်တည်နေရတဲ့ အညာဒေသက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခက်ခဲဆုံး စိန်ခေါ်မှု တွေထဲက တခုကတော့ လုံလောက်တဲ့ ခဲယမ်းဖြည့်တင်းမှုပဲဖြစ်ပါတယ်။ နှစ်စဥ် ၂ ဆကျော် ခုန်တက်လာနေတဲ့ လက်နက်ခဲယမ်း စျေးနှုန်းတွေက တခြားသော NUG လက်အောက်ခံတပ်ရင်းတွေအပါအဝင် သူတို့အတွက် ငွေကြေးဆိုင်ရာ ခေါင်းခဲစရာ ကိစ္စတခုဖြစ်တယ်လို့ ကိုဝိုင်ပီက ပြောပါတယ်။ 

၂၀၂၁ အာဏာသိမ်းစမှာ မောင်းပြန်တလက်ကို သိန်း ၁၀၀ အောက်၊ ပစ္စတိုတလက်ကို သိန်းဆယ်ဂဏန်း၊ ကျည်တတောင့်ကို ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် တော်လှန်ရေးကာလ ၃ နှစ်ကျော်၊ ၄ နှစ်နီးပါးအကြာမှာတော့ မောင်းပြန်တလက်ကို သိန်း ၃၀၀ ကျော်၊ ပစ္စတိုတလက်ကို သိန်း ၁၀၀ နီးပါး၊ ကျည်တတောင့်ကို  ၁ သောင်း ဝန်းကျင်ထိ ရှိလာခဲ့ကြပါတယ်။

လက်နက်စျေးတွေ တက်လာတာဟာ အညာဒေသကို လက်နက်သယ်ယူရတဲ့ လမ်းကြောင်း ခက်ခဲတာအပြင် ငွေကြေးအဆင်ပြေတဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ စျေးကွက်ဖျက်မှုတွေနဲ့ စျေးကစားတဲ့ လက်နက်ပွဲစားတွေကြောင့်လည်း ပါဝင်တယ်လို့ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တချို့က ဆိုပါတယ်။ 

“ငွေပေါတော့ ဂန်း(GUN)အစစ်ဖြစ်ပြီးရောဆိုပြီး ဆင်းဝယ်တာ။ အချိန်တလအတွင်း အရင်ပေါက်စျေးထက် ၈၀ လောက် ထိုးတက်သွားတယ်။  ပွဲစားတွေက ငွေရမှန်းသိသွားတော့ အဲကနေ စျေးက မကျတော့တာ။ အဓိက ငွေပေါတဲ့ ဒေသတွေက လက်နက်စုတာ။ အဲ့မှာစျေးတွေ လစ်ကုန်တာ။” လို့ ရွှေဘိုမြို့နယ်ထဲက လက်နက်ကိုင် တပ်ဖွဲ့မှ ရဲဘော်တဦးက ဆိုပါတယ်။ 

အဲဒီလို လက်နက်စျေးကြီးလာတာတွေကြောင့် သီးခြားရပ်တည်နေကြတဲ့ တပ်ဖွဲ့တွေအနေနဲ့လည်း လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းနိုင်တဲ့ အခြေနေတွေက ပိုခက်ခဲလာကာ တိုက်ပွဲတွေကို အကန့်အသတ်နဲ့ ဖော်ဆောင်လာကြရပါတယ်။

တိုက်ပွဲအတွင်း အသုံးပြုနိုင်တဲ့ ကျည်ပမာဏက ကန့်သတ်ချက်ရှိနေတာကြောင့် တပ်ဖွဲ့အနေနဲ့ အရင်လို စစ်ဆင်ရေးအများကြီး မလုပ်နိုင်တော့ဘဲ အခုနှစ် ၂၀၂၄ အတွင်းမှာ ပြောက်ကျားစစ်ဆင်ရေးတချို့ကို လက်လွှတ်လိုက်ရတဲ့ အခြေနေတွေရှိလာတယ်လို့ ကိုဝိုင်ပီက ဆိုပါတယ်။

လက်နက်ခဲယမ်း အားနည်းချက်ကြောင့် စစ်ရေးအသာစီးရပြီးမှ ပြန်ဆုတ်ခွာခဲ့ရတာတွေ၊ မစ်ရှင်တချို့ မလိုက်နိုင်တာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲကမှ ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လလယ်ပိုင်းတုန်းက ကာကွယ်ရေးတပ်ဖွဲ့ ၈ ဖွဲ့ ပေါင်းကာ တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေခဲ့တဲ့ ပခုက္ကူမြို့၊ စစ်မှုဇုန်ဂိတ်တိုက်ပွဲကတော့ သူတို့အတွက် အမှတ်အရဆုံးပါ။

သြဂုတ်လ ၁၈ ရက် ညနေပိုင်းမှာ လက်နက်ကိုယ်စီကိုင်ထားတဲ့ ရဲဘော် ၁၀ ယောက်ဝန်းကျင်ဟာ ရထားသံ လမ်းဘက်ကတဆင့် ဈေးဆိုင်တခုထဲကို ခြေလျင် ချဥ်းကပ်လာကြပြီး ဆိုင်ထဲနဲ့ အနီးနားမှာရှိတဲ့ ပြည်သူတွေကို မအော်ကြဖို့နဲ့ မပြေးဘဲ အေးဆေးထွက်သွားကြဖို့ မှာကြားပါတယ်။ 

အဲဒီနောက်မှာတော့ ရဲဘော် ၄ ယောက်က သစ်ပင်ကိုကွယ်ကာ နေရာယူထားပြီး ရဲဘော်တချို့ကလည်း စစ်ကောင်စီတပ်သားတွေရှိတဲ့ ဘန်ကာနဲ့ မလှမ်းမကမ်းက အုတ်တံတိုင်းနောက်မှာ နေရာယူထားကြပါတယ်။ 

အားလုံးနေရာယူပြီးချိန်မှာတော့ အုတ်တံတိုင်းနားက ရဲဘော်တွေဆီကနေ သေနတ်သံတွေ စတင်ပေါ် ထွက်လာပြီး စစ်သားတွေ နေရာယူထားတဲ့ ဘန်ကာကို အနီးကပ် ဝိုင်းပစ်ခတ်ကြပါတယ်။ 

ဘန်ကာထဲကနေ ပြန်ပစ်တဲ့ သေနတ်သံတချို့ကိုလည်း ကြားနေရပေမယ့် တပ်သားအများစုက ထွက်ပြေးသွားတာကြောင့် ဂိတ်ကို ဝင်စီးနိုင်တဲ့အခြေအနေထိ စစ်ရေးအသာစီးရခဲ့ကြတာပါ။

အဲဒီလို အသာစီးပစ်ခတ်မှုတွေ ဖြစ်နေစဥ်အတွင်းမှာပဲ ရဲဘော်တဦးဆီကနေ “ဟိုးထား ဟိုဘက်မှာ ကျည်ကုန်ပြီ၊ ဟိတ်ကောင်တွေ ကျည်ကုန်ပြီ”၊ “ဆုတ်မယ် ဆုတ်မယ် ထွက်မယ် ထွက်မယ် ငါကျည်ကုန်ပြီ”ဆိုတဲ့ အသံတွေနဲ့ သူတို့ကိုင်ထားတဲ့ စကားပြောစက်ကတဆင့် ပြန်ဆုတ်မယ်ဆိုတဲ့ အသိပေးသံတွေ ထွက်လာပြီးနောက် ရှေ့ဆက်မတိုးတော့ဘဲ အဲဒီတိုက်ပွဲကနေ အားလုံးပြန်ဆုတ်ခွာခဲ့ရပါတယ်။

“ဝင်စီးလို့ ရနေပြီ၊ စစ်ကောင်စီဘက်က ပြန်မပစ်နိုင်အောင် ကျည်အရင်မိုးတဲ့အချိန် အဲ့ချိန်မှာကိုက ကျည်မရှိတော့ဘူး။ အဲ့တော့ အထဲကိုဝင်ဖို့ ကျည်မရှိတော့ ပြန်ဆုတ်ခဲ့ရတယ်။” လို့ ကိုဝိုင်ပီက ရှင်းပြပါတယ်။

အညာဒေသက ကိုယ်ထူကိုယ်ထ တပ်ရင်း၊ တပ်ဖွဲ့တွေကတော့ ရှေ့ဆက်ဖြတ်သန်းရမယ့် တော်လှန်ရေး ကာလကိုလည်း အကြွေးတလှည့်၊ ပြန်ဆပ်တလှည့်နဲ့ပဲ ရသလောက်လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းကာ ရှေ့ဆက်နေကြရဦးမှာပဲလို့ ဆိုပါတယ်။

မြောင်မြို့နယ် အခြေစိုက် CDSOM တိုက်ခိုက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်စက်ြာကတော့ ရှေ့ဆက်မယ့် သူ့ရဲ့အကြံကို ရယ်မောလျက် အခုလို ပြောပြပါတယ်။ 

“ဆွေမျိုးတွေဆီကနေ သိန်း ၅၀၊ သိန်း ၁၀၀ စသည်ဖြင့် ချေးငှားပြီး (သေနတ်)ထပ်ဝယ်ဖို့ နည်းလမ်းရှာနေတယ်”

#မြေလတ်အသံ

#ဆောင်းပါး #အညာ #LPDF #လက်နက်ခဲယမ်း #ငွေကြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10