အသက်နဲ့ရင်းထားရတဲ့ ကြားကာလအခြေခံပညာရေး (သတင်းဆောင်းပါး)

အသက်နဲ့ရင်းထားရတဲ့ ကြားကာလအခြေခံပညာရေး (သတင်းဆောင်းပါး)

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုအန္တရာယ်ကြားကပဲ မူလတန်းကလေးငယ်တစုဟာ ၁ မိုင်ကျော်ဝေးတဲ့ ကျောင်းကို ခြေလျင်လျှောက်ပြီး သွားနေကြတယ်။ ထမင်းချိုင့်၊ ကျောင်းလွယ်အိတ်ကိုယ်စီနဲ့ ကလေးငယ် တွေဟာ လိုက်ပို့တဲ့လူကြီးမပါဘဲ လေယာဉ်သံကိုနားစွင့် ရှေ့ဆက်ကြရတယ်။

အဲဒီကလေးငယ်တွေဟာ တော်လှန်ရေးအားကောင်းလှတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ကြားကာလပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းကို သွားနေကြတာပါ။ ကလေးအများစုက စစ်ရှောင်မိသားစုတွေကဖြစ်ပြီး အခြားမြို့နယ်နဲ့ ရွာတွေကနေ စစ်ရှောင်လာကြသူတွေလည်း ပါဝင်ကြပါတယ်။ 

“ခက်ခဲပေမယ့် ပညာရေးအတွက်ဆိုတော့ ဒီလောက်လေးသွားရတာပဲဆိုပြီး ခက်ခဲမှုတွေနဲ့ပဲ ကျောင်းကိုထားပေးနေရတယ်။” လို့ ပုလဲမြို့နယ်ထဲက စစ်ရှောင်ကျောင်းသားမိခင်တဦးက ပြောပါတယ်။

၂၀၂၁ ကနေ ၂၀၂၄ ဇူလိုင်အထိ တနိုင်ငံလုံးမှာ ကြားကာလပြည်သူ့အခြေပြု အခြေခံပညာကျောင်းပေါင်း ၅,၉၉၄ ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ/သားပေါင်းဟာ ၇၅၆,၂၈၈ ဦး ရှိပါတယ်။ ဒါဟာ နေအိမ်အခြေပြု၊ အွန်လိုင်း၊ မြေပြင်နဲ့ တိုင်းရင်းသားကျောင်းတွေလည်းပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကျောင်းအားလုံးရဲ့ အဓိက စိန်ခေါ်မှုကတော့ လုံခြုံရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ကျောင်းတွေကို ဗုံးကြဲတယ်၊ ဖျက်ဆီးတယ်။ မူလတန်းကျောင်းကိုတောင် ဟယ်လီကော်ပတာနဲ့ ဝင်ပစ်ခတ်ပြီး ဖျက်ဆီးတယ်ဆိုတာ အားလုံးသမိုင်းတင်ထားပြီးသား၊ သမိုင်းတွင်ထားပြီးသားဖြစ်ပါတယ်။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီလို အခက်ခဲတွေကြားထဲမှာပဲ ပညာရေးကို ဖော်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီလိုမျိုး အကြမ်းဖက်ရက်စက်မှုတွေကြားကနေ လုံခြုံရေးအခက်အခဲ ကိုယ့်အသက်ကို အန္တရာယ်တွေကြားကနေ ပညာသင်ကြားနေရတာ၊ ဗုံးခိုကျင်းတွေတူးပြီး ပညာသင်နေရတာ ကမ္ဘာအသိဖြစ်ပါတယ်။ ဒီလိုကြားထဲကနေ ပညာရေးကို အကောင်ထည်ဖော်နေတဲ့အကြောင်း ဒီနေ့ တင်ပြသွားမယ်” လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုး က ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်ပြီး CDM ပြုလုပ်ကြတာမှာ ပညာရေးအဝန်းအဝိုင်းက အများဆုံးဖြစ်ပြီး အခြေခံနဲ့ အဆင့်မြင့်ပညာရေး နှစ်ခုလုံးက ဆရာ/ဆရာမ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေ အင်တိုက်အားတိုက်ပါဝင်ခဲ့ပါတယ်။ 

လက်ရှိအချိန်ထိလည်း CDM တွေအဖြစ်နဲ့ အများအပြား ဆက်လက်ရှိနေကြဆဲဖြစ်ပြီး ဒီပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေဟာ ကြားကာလပြည်သူ့အခြေပြုပညာရေးစနစ်ကို အကောင်ထည်ဖော်နေကြတာပါ။

စစ်ကောင်စီဟာ အဲဒီလိုဆန့်ကျင်တော်လှန်ခဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ် တိုက်ခိုက်တာမှာ ပညာရေးအဝန်းအဝိုင်းကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ 

ဒီလိုဖမ်းဆီးသတ်ဖြတ်တိုက်ခိုက်တာမှာ ၂၀၂၁ ကနေ ၂၀၂၄ ဧပြီလအထိ ဆရာ/ဆရာမအပါ ပညာရေးဝန်ထမ်း ၂၉၉ ဦးနဲ့ ကျောင်းသူ/ကျောင်းသား ၁၈၈ ဦးဖမ်းဆီးခံရပါတယ်။ ကျဆုံးကွယ်လွန်ခဲ့တဲ့ ဆရာ/ဆရာမနဲ့ ပညာရေးဝန်ထမ်း ၂၂၁ ဦးနဲ့ ကျောင်းသူ/ကျောင်းသား ၁၈ ဦး ထိရှိတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလိုဖြစ်စဉ်တွေထဲမှာ ၂၀၂၂ စက်တင်ဘာ လက်ယက်ကုန်းစာသင်ကျောင်းကို Mi 35 ၂ စီးပစ်ခတ်ပြီး မြေပြင်ကပါတိုက်ခိုက်တာ၊ ၂၀၂၃ ဧပြီလ ပဇီကြီးဖြစ်စဉ်၊ ၂၀၂၄ ဇွန်လ ၁၅ ရက် ကျွန်းလှမြို့နယ် စာသင်ကျောင်းတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပစ်ခတ်လို့ ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံးတာတွေက ထင်ရှားတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ လေကြောင်းကတိုက်ခိုက်ခံရတဲ့ ကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး အခြားတိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတိုက်ခိုက်ခဲ့တဲ့အကြိမ်ပေါင်း ၁၇၄ ကြိမ်အထိရှိခဲ့တယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ Myanmar Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။

“တချို့နေရာတွေက စိုးမိုးနယ်မြေဆိုပေမယ့် လေကြောင်းရန်က ကြောက်ရတယ်။ လေယာဉ်သံကြားပြီဆို အကုန်ပုန်းရတယ်။ တခါတလေလည်း ကျောင်းပိတ်ပေးလိုက်ရတယ်။ တခါတလေကျတော့ နေရာခွဲပြီး အစုလေးတွေလုပ် သင်ရတယ်။ မြေပြင်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက စောင့်ရှောက်ပေးနိုင်တယ် ဆိုပေမယ့် တိုက်ပွဲရှိတယ်ဆို လေကြောင်းက အကုန်ဗုံးကြဲတော့ ပိတ်ရတာပဲ။” လို့ မကွေးတိုင်းထဲက ကြားကာလပညာရေးစာသင်ကျောင်းက ဆရာတဦးက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာမှာ ကြားကာလပညာရေးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် ကျောင်းလုံခြုံရေးစနစ်ကို အထူးသတိထားရပြီး ဝန်ကြီးဌာန ၅ ခုပူးပေါင်းပြီး ဆောင်ရွက်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က ပြောပါတယ်။

လုံခြုံရေးစနစ်ထဲမှာ ဗုံးခိုကျင်းတူးတာ၊ ရှေးဦးသူနာပြုစုနည်း၊ လေကြောင်းရန်ရှောင်တိမ်းတာနဲ့ CDM ဆရာ/ဆရာမတွေရဲ့ လုံခြုံရေးတွေကို ထည့်သွင်းစဉ်းစားတာတွေပါတယ်လို့ ဆိုပါတယ်။

“ကျောင်းတွေမှာ လုံခြုံရေးကိစ္စကတော့ အင်မတန်အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ လုံခြုံရေးကိစ္စကို အွန်လိုင်းမှာကော မြေပြင်မှာပါမှာ လုံခြုံရေးကိစ္စကို အမြဲမပြတ်သတိထားနေရတာ ဖြစ်ပါတယ်။” လို့ ဒုဝန်ကြီး ဂျာထွယ်ပန်က ဩဂုတ်လ ၁၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အလားတူပဲ နေအိမ်အခြေပြုအွန်လိုင်းကနေ စာသင်ကြားနေတဲ့ အခြေခံပညာကျောင်းသူ/ကျောင်းသားတွေနဲ့ မိဘတွေမှာလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခံရသလို စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို ပြန်မတက်တာ၊ ကျောင်းထွက်ထားတဲ့သူတွေရဲ့ နောက်ကြောင်းကိုလိုက်ပြီး စစ်ကောင်စီသတင်းပေးတွေရဲ့ တိုင်ကြားတာကို ခံရသူတွေလည်း ရှိပါတယ်။

CDM ဆရာ/ဆရာမ တချို့ကတော့ သတင်းပေးတိုင်ကြားခံရလို့ ဖမ်းဆီးခံရတာတွေရှိပြီး အွန်လိုင်းစာသင်ကြားမှု ပေါက်ကြားလို့ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ တချို့ကတော့ စာသင်ကြားမှုကို ယာယီရပ်တန့်လိုက်ရပြီး နေရာပြောင်းရွှေ့နေရတာတွေလည်း ရှိပါတယ်။

“ကျောင်းသားကျောင်းသူ မိဘတွေနဲ့ ဆရာဆရာမတွေမှာလည်း အခက်ခဲတွေ အများကြီးရှိပါတယ်။ အဓိကကတော့ လုံခြုံရေးပဲ။” လို့ ကြားကာလပညာရေးကိုဖော်ဆောင်နေတဲ့ Online School တာဝန်ခံဆရာတဦးက လည်း သူရဲ့အခက်အခဲကိုပြောပါတယ်။

ဝင်ငွေမရှိတာ၊ ထောက်ပံ့မှုနည်းပါးတာ၊ နည်းပညာအခက်အခဲနဲ့ အင်တာနက်ခက်ခဲမှုတွေကလည်း အွန်လိုင်းသင်ကြားရာမှာ အခက်အခဲရှိတယ်လို့ ဆက်ပြောပါတယ်။ ကျောင်းသူ/ကျောင်းသားတွေနဲ့ မိဘတွေမှာလည်း ဒီလိုခက်ခဲမှုတွေရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်းကျောင်းတွေကို တက်ရတဲ့အခါ လုံခြုံရေးကို အထူးဦးစားပေးပြီး ကိုယ်ရေးအချက်အလက်တွေကို မဖော်ပြခိုင်းတာ၊ စာသင်ချိန်တွေမှာ ကင်မရာပိတ်ခိုင်းထားတာ၊ စာမေးပွဲဖြေချိန် မဖြစ်မနေ ကင်မရာဖွင့်ရပါက ဦးထုပ်ဆောင်း၊ Mask မက်စ်တပ်ရတာတွေကို မမေ့မလျော့ လုပ်ရတယ်လို့ ကြားကာလပညာရေးအွန်လိုင်းကျောင်းတခုမှာ တက်ရောက်နေတဲ့ ပြည်ခရိုင်ထဲက ကျောင်းသားမိခင်တဦးက သူတို့စိုးရိမ်ရမှုကို ပြောပါတယ်။

“ခရီးသွားချိန်၊ အပြင်သွားချိန်တွေမှာ ဖုန်းကိုသတိပြုဖို့။ ဖြစ်နိုင်ရင် ယူမသွားဖို့ဆုံးမပါတယ်။” လို့ ကျောင်းသားမိခင်က ပြောပါတယ်။

အခက်ခဲတွေရှိပေမယ့်လည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာရေးကျောင်းမှာ တက်နေရတာကို သူက ဂုဏ်ယူတယ်လို့ ဆိုပါတယ်။ 

သူ့သားဖြစ်သူဟာ ကြားကာလပညာရေးစတင်ကတည်းက Grade-4 ကနေစတင်တက်ရောက်ခဲ့ပြီး အခုချိန်မှာတော့ Grade-6 ကိုတက်ရောက်ပညာသင်နေတယ်လို့ ပြောပါတယ်။

တဘက်မှာလည်း တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့တိုင် ပညာရေးနယ်ပယ်ထဲကို လုံးဝပြန်ရောက်မလာကြတဲ့ ကလေးငယ်တွေလည်း များစွာရှိနေပါတယ်။ ဒီအထဲမှာ အာဏာသိမ်းချိန် အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်တန်းအဆင့်နဲ့ CDM လုပ်ခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေ အတွက်ကတော့ ကြီးမားတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုဖြစ်သလို အများစုက ပြင်ပလောကကို ရောက်သွားကြပါတယ်။

လက်ရှိကြားကာလကျောင်းတွေမှာ တက်ရောက်နေကြရတဲ့ အခြေခံပညာကျောင်းသားတွေမှာလည်း နှစ်ရှည်ကြာလာတာနဲ့အမျှ အထက်တန်းပညာပြီးဆုံးပြီး အဆင့်မြင့်ပညာလို့ခေါ်ဆိုတဲ့ တက္ကသိုလ်တွေကို ဝင်ရောက်ဖို့၊ နိုင်ငံတနိုင်ငံရဲ့ အခြေခံပညာပြီးဆုံးကြောင်း အဆင့်သတ်မှတ်ချက်နဲ့ နိုင်ငံတကာမှာ တက်ရောက်ခွင့်ရဖို့တွေက အကန့်အသတ်တွေနဲ့ အခက်အခဲတွေများစွာပါ။

ဒီလိုအခြေအနေကိုပဲ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေက စိုးရိမ်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကတော့ ဒီအခက်အခဲတွေကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနေပြီး အဆင့်မြင့်ပညာအွန်လိုင်းတက္ကသိုလ်တွေနဲ့ သက်မွေးပညာတွေကို ဖွင့်လှစ်ပို့ချနေတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါအပြင် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာ ကြားကာလကျောင်းသူ/ကျောင်းသားတွေ တက်ရောက်ခွင့်ရဖို့ စီစဉ်နေသလို ကြားကာလအခြေခံပညာ အောင်မြင်ပြီးဆုံးထားသူတွေကို နိုင်ငံတနိုင်ငံရဲ့ အထက်တန်းအဆင့်ပညာရေးအောင်မြင်ထားသူတွေလို့ သတ်မှတ်ဖို့ နိုင်ငံတကာနဲ့ ကိုယ်စားလှယ်တွေကို တောင်းဆိုမယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် က ပြောပါတယ်။

တော်လှန်သောပညာရေးအသိုင်းအဝိုင်းကတော့ အခက်အခဲတွေကြားထဲကပဲ အနာဂတ်ပညာရေးကို ပုံဖော် ရှေ့ဆက်နေဆဲပါ။ 

ကြားကာလပညာရေးကို အွန်လိုင်းကနေတက်နေတဲ့ ကျောင်းသားမိခင်ကတော့ “တနေ့မှာ မှန်တဲ့ဘက်မှာ ရပ်တည်နေတဲ့ ပြည်သူ့အစိုးရ၊ တော်လှန်ပြည်သူတွေအောင်ပွဲခံတဲ့အချိန်မှာ ဂုဏ်သိက္ခာရှိရှိကျောင်းပြန်တက်မယ်။ ပြည်သူတွေရဲ့အောင်ပွဲ ရောက်လာမယ်ဆိုတာလည်း ယုံကြည်တယ်။” လို့ ဂုဏ်ယူစွာပြောလိုက်ပါတယ်။

ရေးသားသူ - ငုဝါ၊ နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ဆောင်းပါး #ပညာရေး #ကြားကာလပညာရေး #လေကြောင်းအန္တရာယ် #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10