အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးကို PDF တွေဆိုကာ စစ်ကောင်စီဖမ်းဆီး

အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးကို PDF တွေဆိုကာ စစ်ကောင်စီဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာအနီးနဲ့ ပခုက္ကူမြို့ထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်အမျိုးသား ၃ ဦးကို PDF တွေဆိုပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ ၂၁ ရက်မနေ့ကမနက်ပိုင်းမှာ အရှေ့ချောက်ကန်ကျေးရွာအနီး ပခုက္ကူ-မြိုင်သွားလမ်းမှာ လမ်းလျှောက်လာနေတဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားပြီးနောက် အမှတ် ၃ ရပ်ကွက်ထဲက လူငယ် ၁ ဦးကိုပါ ထပ်မံဖမ်းဆီးသွားတာလို့ ဒေသခံတဦးကပြောပါတယ်။
 
"မနေ့က စကစ အဖွဲ့တွေ မြို့ထဲမှာစစ်ဆေးရေးတင်းကြပ်ခဲ့တယ်။ PDF ၁၀ ယောက်လောက် မြို့ထဲရောက်နေတယ်ဆိုပြီး သတင်းထွက်နေတော့ တွေ့ကရလူ စစ်ဆေးဖမ်းဆီးသွားတာနေမယ်။ စကစ ဘက်ကတော့ လူဖမ်းချင်ရင် ဒီလိုဘဲခေါင်းစဥ်တပ်ဖမ်းနေတာပဲ"လို့ ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ဖိုးသင်္ကြန် ၁၇ နှစ်၊ ကျော်ဇော်ဟိန်း ၁၆ နှစ်နဲ့ ရဲလင်းအောင် ၁၇ နှစ်တို့ဖြစ်ပြီး၊ ဖိုးသင်္ကြန်ကတော့ အမှတ် ၃ ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ ကျန် ၂ ဦးရဲ့နေရပ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
 
သူတို့ ၃ ဦးကိုဖမ်းဆီးပြီးနောက် ပခုက္ကူရဲစခန်းထဲကိုခေါ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့သိရကာ ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်ညနေပိုင်းမှာလည်း ပခုက္ကူမြို့နယ်၊ မြေနီတွင်းကျေးရွာက အသက် ၂၀ အရွယ်အမျိုးသား ၄ ဦးနဲ့ အသက် ၅၀ အရွယ်အမျိုးသား ၁ ဦးလည်း ပျူစောထီးတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
 
အလားတူ ဒီဇင်ဘာလ ၁၆ ရက်ကလည်း ရန်ကုန်ကနေ ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အသက် ၂၀ နဲ့ ၂၅ ဝန်းကျင်ရှိအမျိုးသား ၄ ဦးကို ဒရုန်းသင်တန်းပေးဖို့လာတဲ့သူတွေလို့ စွပ်စွဲပြီး ပခုက္ကူမြို့နယ်၊ ဧရာဝတီတံတား(ပခုက္ကူ)ပေါ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10