အသေများလာတဲ့ စစ်ကောင်စီတပ် ပျူစောထီးရှာဖို့ ပဲခူးတိုင်းထဲ ခြေဆန့်လာ (သတင်းဆောင်းပါး)

အသေများလာတဲ့ စစ်ကောင်စီတပ် ပျူစောထီးရှာဖို့ ပဲခူးတိုင်းထဲ ခြေဆန့်လာ (သတင်းဆောင်းပါး)

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ မြန်မာပြည်အနှံ့မှာ အသေအဆုံးများနေသလို ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာလည်း ဇန်နဝါရီလပထမထဲမှာ ဗိုလ်မှူးချုပ်တွေအပါအဝင် စစ်သားထောင်ချီကာ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။ 

အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ မြို့နယ်တွေက ပြည်သူတွေကို ခြိမ်းခြောက်ကာ ပျူစောထီးတပ်ဖွဲ့ထဲဝင်ရောက်ဖို့ အတင်းဓမ္မစေခိုင်းတာတွေ လုပ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျေးရွာတရွာမှာ အယောက် ၂၀၊ ကျေးရွာအုပ်စုဆိုပါက အယောက် ၅၀နဲ့ မြို့ပေါ်ရပ်ကွက်ဆိုပါက တရပ်ကွက်ကို အယောက် ၅၀ စသဖြင့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်တပ်က အသည်းအသန် တပ်သားစုဆောင်းပြီး ပျူစောထီးလုပ်ခိုင်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလို တပ်သားစုဆောင်းတဲ့အခါမှာ အသက် ၁၈ နှစ်မှ အသက် ၆၅ နှစ်ကြား အသက်အရွယ်ရှိသူတွေကို စုဆောင်းနေတာဖြစ်ပြီး အမျိုးသားမရှိပါက အမျိုးသမီးတွေကိုပါ လိုက်ရမယ်လို့ အတင်းအဓမ္မစုဆောင်းနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“မဲနှိုက်တာ ပေါက်တယ်။ အိမ်မှာက အမေပဲရှိတော့ ကျနော် ရွာပြန်ရမှာပေါ့” လို့ ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုသန့်ဇင်(အမည်လွှဲ)က ပြောပါတယ်။ 

သူဟာ ပြည်မြို့မှာ အလုပ်လုပ်နေတာပါ။ သူ့အမေဟာ အသက် ၆၁ နှစ်အရွယ်ဖြစ်တာကြောင့် စစ်တပ်က သတ်မှတ်ထားတဲ့ အသက် ၆၅ နှစ်ရွယ်ထဲမှာ အကြုံးဝင်နေလို့ ပျူစောထီးခေါ်တဲ့နေရာမှာ အမေကို ခေါ်သွားမှာ စိုးရိမ်တဲ့အတွက် ကျေးရွာကို ပြန်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။  

ကိုသန့်ဇင်ဟာ မဲနှိုက်လို့ ပေါက်တာမဟုတ်ဘဲ မဲနှိုက်တဲ့အစည်းအဝေးကို မတက်ရောက်နိုင်တဲ့အတွက် ပေါက်မဲစာရင်းမှာ အထည့်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

တချို့မဲပေါက်တဲ့အိမ်တွေက အမျိုးသားတွေဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့အတွက် အဲ့ဒီလူတွေကို ပြန်ခေါ်ဖို့အထိ မိသားစုဝင်တွေကို တိုက်တွန်းတာမျိုးတွေလည်း လုပ်နေကြတယ်လို့လည်း သိရပါတယ်။ 

ပန်းတောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၀ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်နဲ့ မြို့အာဏာပိုင်တွေက အစည်းအဝေးခေါ်ယူပြီး အသက် ၁၈ နှစ်ကနေ အသက် ၆၅ နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးအားလုံးကို တအိမ်တယောက်ထွက်ရမယ်လို့  အမိန့်ပေးစေခိုင်းခဲ့တာဖြစ်ပါတယ်။ 

အိမ်ခြေ ၁၀၀ ရှိတဲ့ ကျေးရွာတရွာကို လူအယောက် ၂၀၊ ၃၀ နှုန်းနဲ့ မဲနှိုက်ရွေးချယ်မှာဖြစ်တယ်လို့ ဆိုပါ တယ်။ 

“ပန်း‌တောင်း တမြို့နယ်လုံး ပါတယ်။ မဲပေါက်တဲ့သူက လိုက်ချင်တဲ့သူလိုက်၊ မလိုက်ချင်တဲ့သူက ပိုက်ဆံပေးပြီး လူစားရှာ” လို့ ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတရွာမှ ရွာခံတဦးက ပြောပါတယ်။ 

မဲမပေါက်တဲ့အိမ်တွေကလည်း သင်တန်းသားတွေကို တရက်ကို ပိုက်ဆံနှုန်းထားသတ်မှတ်ကာ ထောက်ပံ့ ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ရွာသားတွေက ကြောက်လို့သာ ခေါင်းညိမ့်နေရတာ စိတ်ထဲမှာ ဘယ်သူမှ လက်မခံဘူး" လို့  အထက်ပါ ပန်းတောင်းဒေသခံ ရွာသားတဦးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ပြောကြားချက်အရ ပျူစောထီးတပ်ဖွဲ့ထဲ ဝင်ရဖို့ မဲပေါက်သူတွေဟာ ပန်းတောင်းမြို့ပေါ်မှာ ၁၄ ရက်ကြာ စစ်သင်တန်းပေးပြီး ရွာကိုပြန်ကာ ကိုယ့်ရွာကိုယ်ကာကွယ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ဒေသခံတွေကတော့ စစ်ကောင်စီဟာ သင်တန်းပေးပြီးပါက ပျူစောထီးအဖြစ် အတင်းအဓမ္မစု ဆောင်းထားတဲ့ သူတွေအားလုံးကို တခြားစစ်မြေပြင်တွေဆီ ပို့ဆောင်မှာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ 

“(စစ်တပ်ကို)ယုံကို မယုံတာ” လို့ ပန်းတောင်းဒေသခံတဦးက မှတ်ချက်ပြုပါတယ်။ 

အခုလက်ရှိ ပန်းတောင်းမြို့နယ်ထဲက ဒေါင်းမျက်နားနဲ့ ဒန့်ဒလွန်ရွာက ဒေသခံအယောက် ၂၀ ဆီ ခေါ်သွားခံရပြီး တချို့ကျေးရွာတွေမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“သူတို့ စစ်သားအင်အား မလုံလောက်တော့လို့ တဖက်လှည့်နဲ့ ကိုယ့်ရွာကိုယ် ပြန်စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ တပ်သားစုဆောင်းနေတာလို့ပဲ မြင်တယ်။ သူတို့ဆီရောက်သွားရင်တော့ သူတို့ လက်ခုပ်ထဲက ရေပဲလေ ရှေ့တန်းဆို ရှေ့တန်း ထွက်ရမှာပဲ။" လို့ ကိုသန့်ဇင်က သုံးသပ်ပါတယ်။

အလားတူ တောင်ဘို့ကြီး၊ မြေဝါကုန်း၊ မှန်ကုန်း၊ ရွာသစ်ကုန်းစတဲ့ ကျေးရွာ ၄ ရွာပါတဲ့ ပန်းတောင်းမြို့နယ်ထဲက တောင်ပို့ကြီးအုပ်စုမှာတော့ ဇန်နဝါရီ ၁၁ ရက်က အသက် ၁၈ နှစ်ကနေ အသက် ၆၀ နှစ်အတွင်းရှိ လူဦးရေ ၉၀ တောင်းတယ်လို့ တောင်ပို့ကြီးအုပ်စုက ဒေသခံတဦးက ဆိုပါတယ်။

ပန်းတောင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၄၁ ခုနဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိကာ သတ်မှတ်လူဦးရေအတိုင်း မပေးနိုင်ပါက ရွာတွေကို PDF ကျေးရွာအဖြစ်သတ်မှတ်မယ်ဆိုတဲ့ အသံတွေလည်းကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပန်းတောင်းမြို့ပေါ်ရပ်ကွက်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ၁ ရပ်ကွက်ကို ပျူစော ထီးတပ်ဖွဲ့ဝင် အယောက် ၅၀ ပေးရမယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပန်းတောင်းမြို့နယ်၊ ကျီးတောကျေးရွာအုပ်စုမှာတော့ ဇန်နဝါရီ ၁၁ ရက်မှာ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး ပျူစောထီးတပ်ဖွဲ့ ဖွဲ့ဖို့ လူအင်အား ၁၈၀ တောင်းတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

အဲ့ဒီပေးပို့ရမယ့်လူဦးရေအတွက် ကျီးတောကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာမှ ဒေသခံတွေကို မဲနှိုက်ပြီး စာရင်းပေးသွားဖို့ အုပ်ချုပ်ရေးမှူးက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ 

“(တောင်းတဲ့လူစာရင်း) မပေးရင် ရွာတွေကို ဖျက်ဆီးမယ်လို့လည်း ပြောထားတယ်” လို့ မြေလတ်အသံကို ဆက်သွယ်လာတဲ့ ကျီးတောကျေးရွာအုပ်စုမှ ဒေသခံတဦးက ဆိုပါတယ်။ 

ပဲခူးတိုင်းအတွင်းမှာ စစ်ကောင်စီက အခုလို ပျူစောထီးတပ်ဖွဲ့(ပြည်သူ့စစ်)ဖွဲ့ပြီး တပ်အင်အားစုဆောင်းနေတာဟာ ပန်းတောင်းမြို့အပြင် နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ဇီးကုန်း၊ အုတ်ဖို၊ မင်းလှ၊ သာယာဝတီ စတဲ့မြို့နယ်တွေမှာလည်း ပြုလုပ်နေတာဖြစ်တယ်လို့ ဇန်နဝါရီ ၁၁ ရက်မှာ ဒေသခံတွေက မြေလတ်အသံသတင်းဌာနကို သတင်းပေးပို့လာကြပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်မှာလည်း ဇန်နဝါရီ ၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်တပ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး ကျေးရွာ ၁ ရွာကို အသက် ၁၈ နှစ်မှ အသက် ၅၅ နှစ်အရွယ်ရှိ လူ ၁၀ ဦးပေးဖို့ တောင်းခံခဲ့ပါသေးတယ်။ 

ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ တဦးကို ကျပ် ၃ သိန်းပေးပြီး လူအငှားထည့်ဖို့ ညှိနှိုင်းကြတာလည်းရှိတယ်လို့ ဆိုပါတယ်။ 

“မြို့ပေါ်ရပ်ကွက်တွေတော့ လူစုမပေးနိုင်လို့ ည ၈ နာရီကျော်ထွက်တဲ့သူတွေကို ဖမ်းဖို့ အဲ့ဒီအစည်းအဝေးမှာ အုပ်ကြီးတွေက ပြောတယ်” လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။ 

အခုလို စစ်တပ်က တပ်သားစုဆောင်းတာတွေ အတင်းအဓမ္မလုပ်နေတဲ့အတွက် နတ်တလင်းမြို့ခံတွေဟာ ကြောက်လန့်နေကြပါတယ်။ 

ဒါကြောင့် နတ်တလင်းမြို့နယ်ထဲက တချို့ကျေးရွာတွေဟာ ပျူစောထီးတပ်ဖွဲ့ထဲ မဝင်လိုတာကြောင့် ရွာတရွာကို ကျပ် ၃၅ သိန်းပေးဖို့ စစ်တပ်နဲ့ ညှိနှိုင်းနေရတယ်လို့ သိရပါတယ်။ 

အုတ်ဖို့မြို့နယ်က ဝိုင်းကျေးရွာတွေမှာလည်း ဇန်နဝါရီ ၁၂ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီမှာ အမျိုးသားရှိတဲ့ အိမ်တိုင်း ပျူစောထီးထဲ မဝင်မနေရသဘောမျိုးနဲ့ မဲနှိုက်နေရတာကြောင့် တချို့ဒေသခံတွေဟာ ကြောက်လန့် ငိုယိုနေကြတယ်လို့ မြေလတ်အသံကို သတင်းပေးပို့လာပါတယ်။ 

သဲကုန်းမြို့နယ်မှာတော့ စစ်တပ်က ကျေးရွာအုပ်စု တစုကို ပျူစောထီးတပ်ဖွဲ့ဝင် ၂၀ ဦးပေးရမယ်လို့ အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံထားကြောင်း ဒေသခံတဦးက မြေလတ်အသံကို ဆက်သွယ်လာ ပါတယ်။ 

ဒေသခံပြည်သူတွေအနေနဲ့ အေးအေးချမ်းချမ်းနေလိုကြပေမယ့် စစ်တပ်ကို ကြောက်လန့်တာကြောင့် တချို့ ကျေးရွာတွေမှာတော့ လူမပို့ရသေးပေမယ့် လူစာရင်းတွေတော့ ပေးထားကြပြီလို့ ဆိုပါတယ်။ 

လူစာရင်းပေးထားရတဲ့ ကျေးရွာတွေဟာ မဲနှိုက်တာမျိုးမဟုတ်ဘဲ ကျေးရွာကိုလာပြီး ဒုက္ခပေးမှာကြောက်တဲ့အတွက် စာရင်းပေးထားလိုက်တဲ့သဘောဖြစ်တယ်လို့ ပြောပါတယ်။ 

“လူမပေးရင် မပေးတဲ့ရွာ မင်နီတားပြီး အဲ့ဒီရွာကို PDF ရွာဆိုပြီး လာလုပ်မယ်လို့ ပြောတယ်” လို့ မြေလတ်အသံကို ဆက်သွယ်လာတဲ့ သဲကုန်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။ 

သဲကုန်းမြို့နယ်ထဲက ပျူစောထီး(ပြည်သူ့စစ်)အဖြစ် စုဆောင်းခံနေရတဲ့ ကျေးရွာတွေက ဒေသခံတချို့ပြောကြားချက်ကို သူက အခုလိုဆက်ပြောပါတယ်။ 

“တချို့တွေကလည်း သူတို့နောက်တော့ မလိုက်ဘူး သူသေကိုယ်သေ ပြန်ချရုံပေါ့လို့ ပြောနေကြတယ်”

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်အတွင်းက လူဦးရေ ၄,၀၀၀ ကျော်ရှိတဲ့ လှည်းကူးကျေးရွာမှာတော့ စစ်တပ်က ပျူစောထီးတပ်ဖွဲ့ ဖွဲ့စည်းဖို့ လူအင်အား ၂၂၀ အထိ တောင်းထားတယ်လို့ သိရပါတယ်။ 

အလားတူ ပေါက်ခေါင်းမြို့နယ်ထဲက လူဦးရေ ၅၀၀၀ ကျော်ရှိတဲ့ တောင်လည်ကျေးရွာအုပ်စုကိုလည်း စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် လူဦးရေ ၂၉၀ ပေးရန် တောင်းခံထားသေးတယ်လို့ ဒေသခံတဦးက ဆက်သွယ်ပြောဆိုလာပါတယ်။ 

စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်းအပြင် ပဲခူးအရှေ့ခြမ်းဖြစ်တဲ့ ဝေါမြို့နယ်မှာလည်း ပျူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းပြီး တပ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဝေါမြို့နယ်ထဲမှာ ပျူစောထီးအဖွဲ့တွေ မရှိသေးတဲ့ကျေးရွာတွေကို စစ်ကောင်စီဘက်က ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ ကျေးရွာ ၁ ရွာကို လူ ၁၅ ဦးတောင်းနေတာဖြစ်ပါတယ်။ 

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး ပျူစောထီးအဖွဲ့မရှိသေးတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေကို ဖိအားပေးပြီး ပျူစောထီးအဖွဲ့ဖွဲ့ခိုင်းနေတယ်လို့ဒေသခံတွေ က ဆိုပါတယ်။ 

ပျူစောထီးမဖွဲ့ပေးနိုင်တဲ့ ကျေးရွာတွေကို PDF အားပေးရွာတွေလို့ သတ်မှတ်ပြီး ထိရောက်စွာအရေးယူမယ်ဆိုပြီး ပြောဆိုခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြစ်ကျိုးကျေးရွာအုပ်စုနဲ့ သူရဲသမိန်ကျေးရွာအုပ်စုထဲက ဝိုင်းပတ်၊ ကျွန်းစု၊ သူရဲသမိန်၊ မြစ်ကျိုး၊ အုတ်ဖို၊ ပေါက်တန်း၊ ဂွေ့ကြီး၊ ပန်းခြုံစု၊ ဆင်ရွာ၊ သံခွန် အပါအဝင်ကျေးရွာပေါင်း ၃၀ လောက်မှာ ပျူစောထီးဖွဲ့ဖို့လုပ်ကိုင်နေပြီး တမြို့နယ်လုံးအတိုင်းအတာအနေနဲ့ လုပ်သွားမှာဖြစ်တယ် ဒေသခံတွေက ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တပ်ရင်းတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အကျအဆုံးများနေပြီး တပ်မြို့လို့ခေါ်တဲ့ စစ်တက္ကသိုလ်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လာနိုင်တဲ့အခြေအနေတွေရှိတာကြောင့် စစ်သားအင်အားတိုးမြှင့်ထားပြီး ခံစစ်သဘော ပြင်ထားတယ်လို့ သိရပါတယ်။ 

လောက်ကိုင်မြို့မှာ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပါ လားရှိုးမြို့ကနေ ပြင်ဦးလွင်ကို ပို့ဆောင်ကာ အတင်းအဓမ္မစစ်တိုက်ခိုင်းတဲ့ အခြေအနေတွေထိဖြစ်နေတယ်လို့ သိရပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေအတွက် ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ်(MHRA)ကို ကျပ် ၅၀၀၀၀ အထိ ထပ်မံတိုးမြှင့်ပေးကာ မက်လုံးပေးရတာမျိုးတွေ လုပ်နေရပါတယ်။ 

စစ်တပ်အာဏာမသိမ်းခင်က အဲ့ဒီသက်စွန့်စရိတ်ဟာ ကျပ် ၁ သောင်းသာပေးခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်း တဖြည်းဖြည်းတိုးပေးခဲ့ရာက ကျပ် ၁ သိန်းအထိ မက်လုံးပေးတာ တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲက မဲပေါက်ခဲ့တဲ့ ကိုသန့်ဇင်ကတော့ ပျူစောထီးထဲ မဝင်ရဖို့ကို နည်းလမ်းမျိုးစုံ စဉ်းစားနေရတယ်လို့ ဆိုပါတယ်။ 

မဖြစ်မနေသွားရတော့မယ်ဆိုရင်တော့ “ အလိုက်သင့်နေပြီး လစ်တာနဲ့ PDF ဘက် ပူးပေါင်းမယ်၊ PDF လုပ်မယ်” လို့ ဆုံးဖြတ်ထားကြောင်း သူက ပြောပါတယ်။ 

အခုလို ပဲခူးတိုင်းအနောက်ခြမ်းမှာ ပျူစောထီးတပ်ဖွဲ့တွေဖွဲ့ပြီး စစ်တပ်အင်အားဖြည့်တင်းနေတဲ့လုပ်ရပ်ဟာ စစ်တပ်အတွက် အင်အားဖြည့်တင်းရ  မရောက်တဲ့အကြောင်းကို ကိုသန့်ဇင်က အခုလို မှတ်ချက်ပြုပါ တယ်။

“ပြောင်ပြောင်တင်းတင်း လက်နက်ကိုင်ပြီး ပြန်တော်လှန်ဖို့ တွန်းပို့ပေးလိုက်တာပဲ” 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ပဲခူးတိုင်းအနောက်ခြမ်း #ပျူစောထီး #လူသစ်စု #စစ်တပ် #ဖိအားပေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10