အသံတိတ်ပစ်ချက်

အသံတိတ်ပစ်ချက်

အခုတစ်ခါပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ကတော့ တကယ်ကိုအားရစရာကောင်းပါတယ် ။ အားသာချက်လည်းအများကြီးရှိပါတယ် ။

အဓိကအားသာချက်ဟာ တစ်တိုင်းပြည်လုံးလိုလိုပါဝင်ခဲ့ကြတာဖြစ်ပါတယ် ။ မင်္ဂလာဒုံ ၊ ပြင်ဦးလွင် ၊ နေပြည်တော်လိုနေရာတွေပါ တိတ်ဆိတ်သွားတာက တကယ့်ကိုတိတ်ဆိတ်မှုရဲ့ကျယ်လောင်သောအသံဖြစ်စေခဲ့ပါတယ် ။ ပြီးတော့ ဒီတစ်ခါမြန်မာပြည်သူတွေစာတတ်သွားပြီလို့လည်းပြောလို့ရတယ် ။

အရင်တစ်ခါအသံတိတ်သပိတ်တုန်းကလို ဘယ်ဆိုင်ကပိတ်ပါမယ် ၊ ညာဆိုင်ကပိတ်ပါမယ်ဆိုတာကို စတေ့တပ်အပြိုင်တင်ပြီး ဂုဏ်ဆာတာနည်းသွားပါတယ် ။ အဲ့လိုဂုဏ်မဆာတဲ့အတွက် တစ်ဘက်ကလည်း ဒီလောက်အထိလူမညီလောက်ဘူးဆိုတဲ့အတွေးနဲ့ ပေါ့ပေါ့ဆဆနေလိုက်ကြပါတော့တယ် ။ သူတို့ဘယ်‌လောက်ပေါ့ဆသလဲဆိုတာကြည့်ရင် တကယ်တမ်းလူတွေညီညီညာညာငြိမ်သက်သွားမှ ကြံရာမရတွေထလုပ်ကြတာက သက်သေပါပဲ ။ ဆိုင်တွေလိုက်ဖျက်တာ ၊ အတင်းဖွင့်ခိုင်းတာ ၊ ပစ္စည်းတွေသိမ်းသွားတာနဲ့ လူတစ်ရာတောင်မပြည့်တဲ့ဆန္ဒပြပွဲတွေ ထလုပ်တာပဲကြည့်ပါ ။

ဒီအခြေအနေကနေ ပြည်သူတွေသတိထားလို့ရသွားစေတာက လျှို့ဝှက်တဲ့လှုပ်ရှားမှုနဲ့ တိတ်ဆိတ်တဲ့ချည်းကပ်မှုတွေဟာ တစ်ဘက်အဖွဲ့အစည်းကို ဘယ်လောက်ထိတုန်လှုပ်စေသလဲဆိုတာပါပဲ ။ နောင်မှာ နေရာကဏ္ဍအသီးသီးကဆက်လက်တိုက်ပွဲဝင်ကြမယ့် ပြည်သူတွေအနေနဲ့လည်း အလကားနေ ဂုဏ်ဆာနေတာထက် လိုအပ်တဲ့နေရာကိုလျှို့ဝှက်ကူညီတတ်ကြဖို့ သိုသိုသိပ်သိပ်လှုပ်ရှားတတ်ကြဖို့ဆိုတဲ့ သင်ခန်းစာကြီးတစ်ခုရလိုက်ကြတာပါပဲ ။ ဒါကြောင့် နောက်ထပ်ကိစ္စရပ်တွေမှာ စကားတွေကြွယ်တာထက် အလုပ်တွေကိုပဲ တိတ်တဆိတ်လုပ်ကြဖို့ ပိုအားထုတ်ရပါမယ် ။

အိမ်ထဲနေချိန်မှာလည်း tweet နဲ့ click ကိုဖိလုပ်ပေးနိုင်ကြတာဟာ ကောင်းတဲ့အချက်ထဲပါပါတယ် ။ ခါတိုင်းခေါ်နေကျ Game challengesဟာ နေ့လည်ကတည်းက လိုအပ်ချက်ပြည့်သွားတာတွေရှိခဲ့ပါတယ် ။

ဒီတစ်ခါအသံတိတ်သပိတ်မှာ‌ ‌နောက်ထပ်သတိထားမိစေတဲ့အချက်ကတော့ ဆင်းရဲ ချမ်းသာဆိုတဲ့လူ့အဆင့်အတန်းနဲ့ စိတ်ဓာတ်အဆင့်အတန်းဟာ ဘယ်လိုမှမသက်ဆိုင်ဘူးဆိုတာပါပဲ ။ ဥပမာ သပိတ်မစတင်ခင်ရက်တွေက " တစ်ရက်လုပ်မှတစ်ရက်စားတွေအတွက် ဘယ်သူကကျွေးမှာလဲ "ဆိုပြီး တစ်ဘက်အဖွဲ့အစည်းကလူတွေစာတွေတင်ခဲ့ကြသလို အဲ့လိုစာတွေတင်တဲ့အထဲမှာ ကိုယ့်လက်ရှိရထားတဲ့ချမ်းသာမှုလေးပြုတ်မှာစိုးတဲ့ လူတန်းစားတစ်ရပ်ဟာလည်း ပါဝင်နေခဲ့ကြတာ‌ကို အံ့ဩစွာနဲ့တွေ့လိုက်ကြရပါတယ် ။

တကယ့်လက်တွေ့မှာတော့ အခြေခံလူတန်းစားတွေဟာ ဒီသပိတ်မှာ အပြည့်အဝ ဆင်နွှဲခဲ့ကြပြီး သူတို့ရဲ့ စိတ်ဓါတ်ပြင်းပြမှု၊ ပြတ်သားခိုင်ကြည်မှုတို့ကို ပြသနိုင်ခဲ့ကြပါတယ်။ သူတို့ကို စိတ်ပူတယ်ဆိုတဲ့ ကိုယ့်စည်းစိမ်လေးပျောက်မှာစိုးတဲ့ လူတန်းစားတွေကတော့ သူတို့ရဲ့ အလုပ်တွေကို မပိတ်ခဲ့တာတွေ အပျက်မခံခဲ့တာတွေတောင် ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလည်း ဒီလိုမျိုးမပိတ်တဲ့အလုပ်ကိုလည်း မပျက်စေဦ သပိတ်လည်း ဆင်နွှဲစေဆိုပြီး လုပ်ဆောင်နိုင်ခဲ့တဲ့ လူသားတွေဟာလည်း အသိအမှတ်ပြုကြရမယ့်လူတွေထဲမှာပါပါတယ်။ တကယ်တော့ စာစရာမရှိသူထက်၊ ရှိတဲ့စားစရာ ပျောက်မှာစိုးတဲ့ သူတွေဟာ တော်လှန်ရေးအတွက် အဟန့်အတားဖြစ်တယ်ဆိုတာ လက်တွေ့မြင်ရတဲ့ အခိုက်အတန့်ပါပဲ။ သူတို့ပါ အင်နဲ့အားနဲ့ ပါဝင်လာနိုင်ကြရင်တော့ တော်လှန်ရေးခရီးဟာ သိပ်ပြီး ဝေးဝေးလျှောက်စရာမလိုဘဲ အောင်မြင်မှာ သေချာပါတယ်။ အချိန်အတော်ကြာကြာ ဘုရားထူးပြီးနေချင်သလား ကိုယ်တိုင်ဘုရင်ဖြစ်ချင်တာလားဆိုတာကတော့ အဲ့ဒီလူတန်းစားတွေက ဆုံးဖြတ်ရတော့မှာပဲဖြစ်ပါတယ်။

အသံတိတ်သပိတ်မှာ အားသာချက်ရှိသလို အားနည်းချက်တချို့လည်းရှိခဲ့ပါတယ် ။ အဲ့ဒီအားနည်းချက်ထဲမှာ အားနည်းချက်တစ်ခုကတော့ ပြည်သူတွေကြောင့်ဖြစ်ခဲ့တာမဟုတ်ပဲ တစ်ဘက်အဖွဲ့အစည်းရဲ့ယုတ်မာမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အားနည်းချက်ပဲဖြစ်ပါတယ် ။ ဒါကတော့ ဆိုင်ခင်းထားတဲ့ ပစ္စည်းတွေအသိမ်းခံရတာတွေ ၊ မြင်မြင်သမျှဖျက်ဆီးခံရတာတွေ ၊ ပြဿနာရှာ ရမ်းကားခံရတာတွေကို ပြည့်ပြည့်ဝဝ မကာကွယ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။

နောက်ထပ်အားနည်းချက်ကတော့ clickတွေ Gameတွေအတွက်ဖြစ်ပါတယ် ။ အကုန်အားတဲ့ နားတဲ့အချိန်မှာ စုပြုံပြီးဝင်ခဲ့ကြတဲ့ websiteတွေ ၊ clickတွေ ၊ YouTubeတွေဟာ နောက်ရက်တွေမှာ အင်အားနည်းသွားရင် ဝင်ငွေရရှိမှုကန့်သတ်ခံရတာ ၊ ဖျက်သိမ်းခံရတာတွေရှိသွားနိုင်တာပါပဲ ။ အဲ့ဒီအားနည်းချက်တွေကို ပြန်လည်ကုစားနိုင်စရာနည်းလမ်းရှိသလားလို့မေးလာရင် ရှိပါတယ်လို့ဖြေရပါလိမ့်မယ် ။

ဘယ်လိုနည်းလမ်းလဲဆိုရင်တော့ အားနည်းချက်ပထမတစ်ခုဖြစ်တဲ့ ဆိုင်ခင်းထားတဲ့ပစ္စည်းအသိမ်းခံလိုက်ရတဲ့ဈေးသည်တွေ ၊ ဆိုင်ဖျက်ဆီးခံလိုက်ရတဲ့ဈေးသည်တွေကို အနီးအနားကလူချင်းက ညီညီညာညာနဲ့ ပြန်လည်စုဆောင်းကူညီပေးလို့ရပါတယ် ။ ဆိုင်အသေးတစ်ခုစာအခင်းအကျင်းအရင်းအတွက် အဲ့ဒီဆိုင်အနီးအနားကလူတွေရဲ့အကူအညီသာတကယ်ရရင် အေးအေးဆေးဆေးနဲ့ဆိုင်ပြန်ဖွင့်လို့ရမှာဖြစ်ပါတယ် ။ (Update ကြားရတဲ့သတင်းအရ တချို့နယ်တွေမှာ ဈေးတွေကို ကိုဗစ်စည်းကမ်းအကြောင်းပြပြီး တစ်ပတ်ပိတ်ခိုင်းပစ်တယ်လို့လည်း ကြားရပြန်ပါတယ် ။ ဒီလိုဆိုရင်လည်း ကိုဗစ်ကာလကို ပြည်သူတွေဟာ ဖြတ်သန်းပြီးသားမို့ ကြံ့ကြံ့ခံနိုင်မယ်လို့ထင်ပါတယ် ။) လိုအပ်သူချင်း အမှန်တကယ်ဖေးမကူညီကြဖို့လိုသလို လိုအပ်တာထက်ပိုမယူမိကြဖို့လည်း၊
ဂရုပြုနိုင်ရင် အေးဆေးစွာဖြတ်ကျော်နိုင်မှာဖြစ်ပါတယ် ။

ဒုတိယတစ်ခုဖြစ်တဲ့ website, YouTube, click တွေအတွက်ကတော့ ဒီနေ့ဝင်သလောက်မဟုတ်ရင်တောင် အလုပ်နားတဲ့အချိန်လေးတွေမှာ သတိတစ်ခုထားပြီး ဝင်ကြည့်ရုံနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ။ ဒီမှာအရေးကြီးတာက တကယ်လို့သာ အဲ့လိုမဝင်ဖြစ်ပဲ တစ်ရက်ဝင်ပြီး ပစ်ထားလိုက်မိမယ်ဆိုရင် လိုအပ်ချက်ပြည့်မီတာနဲ့လိုအပ်ချက်ကျော်လွန်တာကိုအင်မတန်မှရစ်တတ်တဲ့ YouTubeတို့ Googleတို့ဒဏ်ကိုခံရပြီး ကိုယ်တွေ clickခဲ့သမျှ ကြည့်ခဲ့သမျှတွေဟာ အဟောသိကံဖြစ်သွားနိုင်ပါတယ် ။ ဒါကြောင့်
နောက်ရက်တွေမှာတစ်နေ့နာရီဝက်လောက်အချိန်လေးတစ်ခုကိုသာပေးပြီး clickနဲ့ YouTubeကိုအားစိုက်ပေးကြစေလိုပါတယ် ။ ဒီလိုဆိုရင် အားနည်းချက်နောက်တစ်ခုဟာလည်း ပြင်ဆင်ဖြည့်ဆည်းပြီးသားဖြစ်သွားပါလိမ့်မယ် ။ (ဒီလိုလှုပ်ရှားမှုက ရရှိတဲ့အလှူငွေအင်အားဘယ်လောက်များလဲသိချင်ရင် click to donate page မှာလေ့လာနိုင်ပါတယ် ။)

အနှစ်ချုပ်ရရင် ဒီနေ့သပိတ်ဟာအောင်မြင်ပါတယ် ။ သပိတ်အောင်မြင်တဲ့အထိမ်းအမှတ် လက်ခုပ်တီးဖို့စောင့်ဆိုင်းနေချိန်ဟာရင်ခုန်စရာကောင်းသလို လက်ခုပ်သံသောသောညံချိန်မှာ ဝဲခဲ့မိတဲ့မျက်ရည်တွေဟာလည်း ငါတို့လုပ်နိုင်တယ်ဆိုတဲ့အတွေးကိုပေးခဲ့ပါတယ် ။ အစွန်းထွက်အနေနဲ့ တစ်ဘက်အဖွဲ့ရဲ့ယုတ်မာမှုဒဏ်ကိုလည်း ခံရပါလိမ့်ဦးမယ် ။ ဒါတွေကို ပြည်သူတွေပိုမိုညီညွတ်ပြီး ပိုမိုသိုသိပ်စွာလှုပ်ရှားနိုင်ကြရင် ကျနော်တို့ရဲ့ပန်းတိုင်ဟာ သိပ်မဝေးတော့ပါဘူး ။

အရေးတော်ပုံ လူညီရင်အမြန်ဆုံးအောင်မြင်မည်လို့ပြောပါရစေ ။ ။

ညီညာနွေဦး

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10