အသံတွေထွက်နေတဲ့ အသံတိတ်သပိတ် (အတွေးအမြင်)

အသံတွေထွက်နေတဲ့ အသံတိတ်သပိတ် (အတွေးအမြင်)

“အသံတွေကြားနေရတယ်”

“ဘာသံတွေလဲ”

“အသံတိတ်သပိတ်က အသံတွေကြားနေရတာ”

“ဘာ အသံတိတ်သပိတ်ပါဆို အသံတွေကြားနေရတယ် ဟုတ်လား”

“ဟုတ်တယ် ၊ အသံတွေကြားနေရတယ် အသံတိတ်သပိတ်ကနေ အသံတွေကြားနေတာ” 

“ဟင်...ဘယ်လိုပါလိမ့်”

ဟုတ်ပါတယ် ။ အသံတိတ်သပိတ်ကနေ အသံတွေကို တကယ်ကြားနေကြရတာပါ။ 

အသံတွေ ဘယ်ကစကြားရသလဲဆိုရင် အာဏာသိမ်းမှု ၂ နှစ်ပြည့်တော့မယ့်ကာလမှာ စကြားလာရတာပဲ။ ပြည်သူက ဘာတွေလုပ်ကြမလဲပေါ့။ ဘာလုပ်ရမှာလဲ ပြည်သူက တော်လှန်နေတာပဲလို့ လွယ်လွယ်ပြောလို့တော့ ဘယ်ရလိမ့်မလဲ။ ပြည်သူဆိုတာ ညီညာနေကြောင်းတော့ ပြသဖို့တော့ လိုသေးတာပေါ့ ။ 

ဘာကြောင့်လိုတာလဲ။ တော်လှန်ကာလဟာ ရှည်ကြာလာတယ်။ နယ်ပယ်အသီးသီးက တော်လှန်ရေးကို အားသွန်ခွန်စိုက် လုပ်နေသူတွေရှိသလို နောက်ကွယ်ကနေ ထောက်ပံ့နေသူတွေလည်း ရှိတယ်။ တော်လှန်ကာလကြာလာတော့ တချို့ကလည်း ပန်းလာတယ်။ တချို့ကျလည်း ရှောင်ချင်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူတွေအကုန်လုံး အာဏာရှင်အလိုမရှိဘူးဆိုတာတော့ လူတိုင်းသိကြတယ်။ ဒါတွေကို နိုင်ငံတကာကပါ မြင်လာဖို့အတွက် အသံတိတ်သပိတ်ဆိုတာ လိုအပ်ပါတယ်။

အခုလည်း တော်လှန်နေတာပဲ အာဏာရှင် အလိုမရှိဘူးဆိုတာကို ဘာလို့ပြနေရဦးမှာလဲဆိုရင် ဒါက ဒီလိုရှိတယ်။ ကမ္ဘာ့ဒေသအသီးအသီးမှာ မြန်မာနိုင်ငံလိုပဲ အာဏာသိမ်းမှုကို ခံစားနေရတဲ့ နိုင်ငံတွေရှိနေတယ်။ ဒါတွေကို ကမ္ဘာကသိလာဖို့ နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်။ ကမ္ဘာကဘာကြောင့် သိဖို့လိုတာလဲ ဆိုရင် သူတို့သိလာမှ အာဏာသိမ်းသူတွေရဲ့ရက်စက်မှုတွေကို မှတ်တမ်းတင်လာမယ်။ ဟန့်တားလာမယ်။ အရေးတယူနဲ့စိတ်ဝင်စားလာမယ်။ ဒါတွေရှိနေမှသာ တော်လှန်ရေးဟာ တဆင့်စီမြှင့်တင်လာနိုင်မယ် ။ 

ဒီနေရာမှာ နိုင်ငံတကာအကြောင်းတော့ မပြောပါနဲ့လို့ မတွေးလိုက်ပါနဲ့။ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်၊ အမေရိကန်ရဲ့ Burma Act ဥပဒေ၊ အာဆီယံနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ စသဖြင့် နိုင်ငံတကာက ဖိအားတိုးမြှင့်လာတာတွေဟာ ပြည်သူတွေရဲ့တော်လှန်အားကို အဆက်မပြတ် ဖော်ပြနိုင်လို့ဆိုတာ မြေကြီးလက်ခပ်မလွဲပါပဲ။ လက်နက်ကိုင်သူ ကိုင် စိတ်ဓာတ်ခိုင်သူကလည်း ခိုင်ခဲ့ကြပြီး နိုင်ငံတကာက သတိထားမိလောက်တဲ့ လှုပ်ရှားမှုတွေကို ပြည်သူတွေက ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ သနပ်ခါးသပိတ်၊ ပန်းသပိတ်တွေအပြင် အသံတိတ်သပိတ်တွေကလည်း အောင်မြင်ခဲ့တာချည်းပါပဲ ။ 

အရင်ပြုလုပ်ခဲ့သမျှ အသံတိတ်သပိတ်တွေတိုင်းဟာ နိုင်ငံတကာစာမျက်နှာပေါ်မှာ နေရာယူခဲ့ကြတာပါ။ ဒီလိုနိုင်ငံတကာစာမျက်နှာပေါ်ကို တက်သွားမှာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက် တုန်နေအောင် ကြောက်တယ်ဆိုတာလည်း သိကြပြီးသားပါ။ သူတို့ကို နိုင်ငံတကာက အာရုံမပြတ်တမ်း စောင့်ကြည့်နေမှာကို အာဏာရူးတသိုက်ဟာ မလိုလားကြပါဘူး။ ပြီးတော့ ဒီလိုအချိန်မှာ လူထုတရပ်လုံး ပါဝင်နိုင်တဲ့သပိတ်ဟာ အသံတိတ်သပိတ်ထက်ကောင်းတာ မရှိဘူးသေးလို့ပဲ မြင်မိပါတယ်။ ဒါကြောင့်ပဲ အာဏာသိမ်းကာလ ၂ နှစ်ပြည့်ခါနီးအချိန်မှာ အသံတိတ် သပိတ်ကိုပြုလုပ်ကြဖို့ နှိုးဆော်ခဲ့ကြတာပေါ့။ 

ဒီလိုနှိုးဆော်တဲ့အချိန်ကစပြီး အသံတိတ်သပိတ်က အသံထွက်တယ်ဗျာ။ ဒီလိုအသံတိတ်သပိတ်ကို နှိုးဆော်တဲ့အခါ ပထမဆုံးနှိုးဆော်တဲ့အဖွဲ့က တနေ့လုံးမှ ၂ နာရီစာပဲ ပြုလုပ်ကြဖို့ နှိုးဆော်တယ်။ သိပ်ပြီးအားမကောင်းခဲ့သလို လူတွေစိတ်ဝင်စားမှုကလည်း အနည်းငယ်လျော့ကျနေခဲ့တယ်။ ဘာကြောင့် ၂ နာရီပဲ လုပ်စေချင်တာလဲလို့မေးတော့ အဲ့ဒီအဖွဲ့လေးက ပြည်သူတွေရဲ့လုံခြုံရေးကို ငဲ့တာပါလို့ ဖြေကြတယ်။ 

အဲ… သိပ်မကြာခင်မှာပဲ နောက်ထပ်အားကောင်းတဲ့ နှိုးဆော်မှုက သပိတ်ကော်မတီတွေ၊ မြို့နယ်အလိုက် ကာကွယ်ရေးအဖွဲ့တွေရဲ့ သက်ဆိုင်ရာ Page တွေမှာ တက်လာပါတယ်။ သူတို့ကတော့ မနက် ၁၀ နာရီက နေ ညနေ ၃နာရီအထိ အသံတိတ်သပိတ်ပြုလုပ်ကြမယ်ဆိုပြီးတော့ နှိုးဆော်လာတာပါ။ 

အစကတည်းက အချိန်အနည်းအများအတွက် အသံထွက်ခဲ့တဲ့ အသံတိတ်သပိတ်မှာ နောက်ထပ်အသံထွက် လာတာကတော့ အသံတိတ်တယ်ဆိုတာ တိုက်ပွဲဝင်တာမျိုးမဟုတ်ဘူးဆိုတဲ့ အသံတွေပါပဲ။ သူတို့ပြောတာကတော့ တနေ့လုပ်တနေ့စားတွေအတွက် ဒုက္ခရောက်နိုင်တယ်။ အကျိုးသက်ရောက်မှု နည်းတယ်ဆိုတာတွေအပြင် အဲ့ဒီနေ့မှာ တခြားအဖွဲ့တွေက လှုပ်ရှားမှုတွေလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါ တယ်။ မနှစ်ကလည်း ဒီလိုအသံတွေပဲ ထွက်ခဲ့ပါသေးတယ်။ 

ဒါတွေကို တဘက်ကနေ ပြန်ပြောတဲ့အသံဟာလည်း ထွက်လာပြန်ပါတယ်။ ဒါကတော့ တနေ့လုပ်တနေ့စားတွေ အသံတိတ်သပိတ်တိုင်းမှာ စိတ်ပါလက်ပါ ပါဝင်ခဲ့ကြတယ်။ အဲ့ဒီလိုမှတ်မှတ်ရရနေ့တွေမှာ တခြားလှုပ်ရှားမှုပြုလုပ်ဖို့ဆိုတာ တော်တော်မလွယ်ဘူး။ စစ်ကောင်စီဟာ အဲ့လိုနေ့တွေမှာ အချက်ပေးစရာမလိုပဲ သတိကြီးကြီးထားတတ်တယ်။ အဲ့ဒီလိုနေ့မှာ လှုပ်ရှားမှုတွေပြုလုပ်ရင် အန္တရာယ်တောင် ပိုများပါတယ်။ ဒါကြောင့် လူထုတရပ်လုံး ပါဝင်နိုင်တဲ့လှုပ်ရှားမှုဆိုရင် အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးနည်းက အသံတိတ်သပိတ်ပဲလို့ ပြောခဲ့ကြတယ်။ 

နောက်ထပ်ထွက်လာတဲ့အသံကတော့ တခြားဟုတ်ရိုးလား။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံသူနဲ့ သူ့နောက်ကျောကနေ သူ့ကိုပရိုမိုးရှင်း ဆင်းပေးနေကြတဲ့ ချန်နယ်အစုံက အသံတွေပေါ့။ အစကတော့ သူတို့သပ်လျှိုနေကျ စကားလုံးတွေအတိုင်း အသံတိတ်သပိတ်ဟာ ဖြစ်လာမှာမဟုတ်ဘူး။ ပြည်သူတွေက အေးချမ်းချင်ပြီ။ သူတို့ အလုပ်အကိုင်တွေလည်း အပျက်မခံနိုင်တော့ဘူး။ မယုံရင်ကြည့် ပြည်သူမပါစေရဘူးပေါ့။ နောက်ပိုင်း အင်အားကောင်းတဲ့အဖွဲ့တွေရဲ့ ကြေငြာချက်တွေမှာ လူထုရဲ့စိတ်ဝင်စားမှုတွေကိုလည်းတွေ့ရော လူမိုက်တို့ရဲ့ထုံးစံအတိုင်း မိုက်ကြေးခွဲပြီး မင်းတို့မထွက်လည်း မထွက်ကြည့်တို့ လူစည်အောင်လုပ်ပြမယ် တို့နဲ့ အသံတိတ်သပိတ်ကို အမှန်ကြိတ်ပြီး ကြောက်နေတဲ့ အသံတွေထွက်လာပါလေရော။

အဲ့ဒီအသံတွေဟာ အသံတိတ်သပိတ်ရဲ့အင်အားကို သူတို့ဘယ်လောက်ကြောက်လဲဆိုတာ ပေါ်လွင်စေတယ်။ ပြည်သူကို ရမ်းရမ်းကားကားလုပ်ဖို့ ခက်တာကလည်း ဒီအသံတိတ်သပိတ်ပဲ ရှိနေတယ်။ ဒါကြောင့် အရင် အသံတိတ်သပိတ်တွေအတိုင်းပဲ လူထုက အင်အားကောင်းကောင်းနဲ့ ပါကြဦးမှာပဲလို့ တော်လှန်သူတွေဘက်က အသံထွက်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ပိုပြီးတောင်အားထုတ်ကြဦးမှာလို့လည်း ပြောပါတယ်။ 

အသံတိတ်သပိတ်မှာ နောက်ထပ်ထွက်လာတဲ့ အသံတွေကတော့ ပြည်သူတွေကို မယုံဘူးဆိုတဲ့အဖွဲ့တွေဆီကပါ။ သူတို့ကပြောကြတာကတော့ အခုလူတွေက တော်လှန်ရေးကို မသိချင်ယောင်ဆောင်လာကြပြီ။ မီတာလည်း ဆောင်တယ်။ အပန်းဖြေခရီးတွေလည်း ထွက်တယ်။ ကလပ်တွေသွား၊ ဘားတွေရောက်၊ ဘီယာဆိုင်လူစည်နဲ့ ထောက်ပံ့ရေးကိစ္စတွေမှာလည်း နေရာအစုံမှာ ပါဝင်မှု လျစ်လျူရှုလာတယ်။ သူတို့က သူတို့ရဲ့ အန္တရာယ်ကျရောက်မှုကိုလည်း တွက်ဆလာကြတယ်။ ပြီးတော့ အခုတကြိမ် အသံတိတ်သပိတ် နှိုးဆော်စာကို စိတ်ဝင်တစားဖတ်ကြ မန့်ကြသူတွေ နည်းနေတယ်။ ဒါကြောင့် ပြည်သူတွေကို မယုံဘူးလို့ အသံထွက်လာကြတယ်။

 ဒါကိုပြန်ပြောတဲ့တဖွဲ့ကလည်း ရှိသေးတယ်။ ပြည်သူတွေ တကိုယ်စာအပန်းဖြေမှုတွေဆိုတာ နှစ်ကာလ ကြာလာတော့ ထွက်ပေါက်တခုပေးတာမျိုးပဲ ဖြစ်တယ်။ ပြည်သူက မမေ့ပါဘူး။ သူတို့လုပ်နိုင်စွမ်းကို ပြခွင့်မရလို့သာ ဝင်မပြတာ။ ဒီလိုအသံတိတ်သပိတ်ကတော့ ပြည်သူက အသင့်ဖြစ်နေပြီးသားပဲ။ ထောက်ပံ့ရေးကိစ္စတွေမှာ လျစ်လျူရှုလာတာ ခက်ခဲသူများလာလို့ပဲ။ သူတို့အန္တရာယ်က စစ်ကိုင်း၊ မကွေးမှာ နေ့တိုင်းမီးရှို့ခံနေရသူတွေလောက်မှ မများတာ။ ပြည်သူက ကိုယ်ချင်းစာတတ်ပါတယ်။ ပြီးတော့ အသံတိတ် သပိတ်နှိုးဆော်စာကို စိတ်ဝင်တစားဖတ်မယ်၊ မန့်မယ်၊ ရှယ်မယ်ဆိုရင် တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ထဲကို ရောက်သွားလိမ့်မယ်။ ဒါကြောင့် ပြည်သူက ပါးပါးနပ်နပ်ပဲ ကျော်ဖြတ်နေတာလို့ ပြန်လည်အသံထွက်ခဲ့ကြတယ်။ 

နောက်ဆုံးအသံထွက်လာကြသူတွေကတော့ အသံတိတ်သပိတ် မအောင်မြင်ရင် ဘာဖြစ်နိုင်လဲနဲ့ အသံတိတ်သပိတ် အောင်မြင်ရင် ဘာဖြစ်လာမလဲဆိုတဲ့အဖွဲ့တွေပဲ ဖြစ်တယ်။ တဖွဲ့ကတော့ မအောင်မြင်ဘူးဆိုရင် ကျားကန်တော်လှန်နေသူတွေအတွက် အားလျော့စရာဖြစ်မယ်။ မြို့ပြတိုက်ပွဲတွေအတွက် တော်လှန်ရေးတပ်ဖွဲ့တွေက စဉ်းစားသွားနိုင်တယ်။ အဆိုးဆုံးအနေနဲ့ဆိုရင် မြို့ပြပြောက်ကျားအဖွဲ့တွေဟာ မြို့ပြကို စွန့်ခွါသွားလိမ့်လို့ ပြောကြတယ်။ 

အောင်မြင်မယ်ဆိုရင်တော့ အစိုးရအဖွဲ့တွေ၊ ကျားကန်တော်လှန်ပေးနေသူတွေနဲ့ ပြည်သူတွေဟာ ယုံကြည်မှု တည်ဆောက်ပြီးသားဖြစ်မယ်။ မြို့ပြပြောက်ကျားတွေဟာ လှုပ်ရှားမှုတွေ တဆင့်စီတိုးလာလိမ့်မယ်။ ပြည်သူတွေဟာလည်း နောက်ထပ်စိန်ခေါ်မှုတွေအတွက် စိတ်အားထက်သန်လာလိမ့်မယ်လိုတွက်ချက် အသံထွက်ပြခဲ့ကြပြန်တယ်။ 

ဘယ်အသံတွေ ဘယ်လိုပဲထွက်နေနေပါ။ ဒေါက်တာတေဇာဆန်းတို့၊ ကိုနန်းလင်းတို့ကတောင် ပြည်သူတွေသွေးမအေးပဲ ဆက်လက်တော်လှန်နေတယ် ဆိုတာရယ်၊ တရားမဝင်ရွေးကောက်ပွဲ လက်သင့်မခံဘူးဆိုတာရယ်ကို ကမ္ဘာသိအောင် ထုတ်ဖော်ပြရမယ်လို့ ပြောထားကြပါပြီ။ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးဟာလည်း "အသံတိတ် သပိတ်ကို ဉာဏ်နဲ့ ယှဉ်ပြီး လုံခြုံစွာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပါဝင်ပေးကြပါ" လို့ အသံထွက်နှိုးဆော်သွားတယ်။ 

ဘာသံတွေပဲ ထွက်ထွက်ပါ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ကို တကယ်လုပ်ကြရပါတော့မယ်။ ဘယ်သူတွေဘယ်လောက်ပါဝင်မလဲ။ ဘယ်သူတွေ ဘာအသံတွေ ထွက်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။ အသံတိတ်သပိတ် အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာကိုတော့….။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10