အာဇာနည်တွေ နေတဲ့တိုင်းပြည်

သခင်အောင်ဆန်းအပါအဝင် တိုင်းပြည်လွတ်လပ်ရေးအတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးသွားခဲ့တာဟာ ၇၆ နှစ်ပြည့်ခဲ့ပါပြီ။
 
အာဇာနည်သူရဲကောင်းတွေ တယောက်ပြီးတယောက် ပေါ်ပေါက်ခဲ့ရပါတယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့၊ ဒီမိုကရေစီရရှိဖို့၊ အခုလက်ရှိ အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ဆိုတဲ့ တော်လှန်ရေးကြီးတွေမှာ အသက်တွေပေး၊ ဘဝတွေပေးခဲ့ရတဲ့ သူရဲကောင်းတွေဟာ မနည်းတော့ပါဘူး။
 
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလအလွန် အာဏာရှင်လက်အောက်မှာ ကျဆုံးခဲ့တဲ့ ပျောက်ဆုံးမျိုးဆက်ကြီးရဲ့ သူရဲကောင်းတွေ၊ ဆလိုင်းတင်မောင်ဦးကအစပြုလို့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျဆုံးခဲ့ကြရတဲ့ ဒီမိုကရေစီသူရဲကောင်းအာဇာနည်တွေ၊ မြသွဲ့သွဲ့ခိုင်၊ ဝေယံထွန်းနဲ့ ညီညီအောင်ထက်နိုင်ကစလို့ အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေးကြီးမှာ အသက်ပေးသွားတဲ့ သူရဲကောင်းအာဇာနည်တွေ။
 
နောင်တချိန်မှာ ဒီသူရဲကောင်းအာဇာနည်တွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုကြရပါမယ်။ အလေးပြု ဦးညွှတ်စရာ နေရာရှိရပါမယ်။ လွတ်လပ်ရေးအရသာကို ခံစားရဖို့ လွတ်လပ်ရေးအတွက် ဇူလိုင် ၁၉ ရက်မှာ အသက်ပေးသွားခဲ့သူတွေရဲ့ ကျေးဇူးတရားကို အောက်မေ့သတိရဖို့ လိုသလို ဒီမိုကရေစီရဲ့အရသာကို ခံစားရဖို့ ဒီမိုကရေစီအတွက် အသက်ပေးသွားကြတဲ့သူတွေကိုလည်း အောက်မေ့သတိရဖွယ်ရာ ဦးညွှတ်ဂုဏ်ပြုဖို့ အမှတ်သားတွေ လိုအပ်ပါတယ်။
 
ဒါမှလည်း မြန်မာပြည်မှာ နှစ်ကာလရှည်ကြာပျောက်ဆုံးနေတဲ့ တန်ဖိုးထားမှု၊ လေးစားအားကျမှုတွေ ပြန်လည် ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10