အာဇာနည်နေ့ လှုပ်ရှားမှုလုပ်တဲ့ နိုင်/ကျဉ်း ၁၆ ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရ

အာဇာနည်နေ့ လှုပ်ရှားမှုလုပ်တဲ့ နိုင်/ကျဉ်း ၁၆ ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီအကျဉ်းထောင်မှာ အာဇာနည်နေ့ အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်လို့ဆိုပြီး နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ရိုက်နှက်ကာ တိုက်ပိတ်ထားပြီး ၁ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်ကနေ သြဂုတ်လ ၄ ရက်ဒီကနေ့ထိ တိုက်ပိတ်ခံထားရတာဖြစ်ပြီး တိုက်မပိတ်ခင် ထောင်တွင်းက မင်းဂံဓမ္မာရုံမှာ ပုံစံ ၄/၅ပေးကာ ရိုက်နှက်နှိပ်စက်ပြီးမှ ပိတ်ထားတာဖြစ်လို့ နှိပ်စက်စဉ်ကရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ၅ ဦးကတော့ ဆေးရုံတင်ထားရတယ် လို့ ဆိုပါတယ်။

ပုံစံ ၄/၅ဆိုတာ တင်ပလ္လင်ခွေထိုင်ပြီး လက်နှစ်ဖက်ကို ဒူးခေါင်းပေါ်တင်ကာ ခါးမတ်မတ်အနေထားနဲ့ နေရပြီး ထောင်ဝန်ထမ်းတွေဘက်က မေးသမျှကို ချက်ချင်းဖြေရကာ မဖြေနိုင်ရင် ဝိုင်းဝန်းကန်ကျောက်တာကို ခံရတဲ့အပြင် ဝိုင်းရိုက်နေချိန်မှာလည်း လက်နဲ့ကာတာတွေလုပ်ခွင့်မရှိဘဲ ပုံစံအတိုင်းပဲနေရတာဖြစ်ပြီး မေးခွန်းအများစုကလည်း မဖြေနိုင်တာတွေသာ မေးလေ့ရှိတယ်လို့ သိရပါတယ်။

“ငါးဦးက တိုက်အတွင်းမှာ‌ မေ့မျောသွားလို့ ဆေးရုံပို့ပြီး ကုသနေတယ်။ ကိုသန်းတိုးအောင်ကတော့ အရေးပေါ်အခြေနေနဲ့ကို ဆေးကုမပေးဘဲ ပစ်ထားခံ‌ရတယ်၊ ဖြစ်စဉ်တွေက မှန်ကန်တယ်၊ အတည်ပြုလို့ရတယ်၊ သေဆုံးတော့ အတည်မပြုနိုင်သေးဘူး၊ ဒါပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်ရတယ်။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အာဇာနည်နေ့လှုပ်ရှားမှုလုပ်တယ်ဆိုပြီး ကိုသန်းတိုးအောင်၊ ကိုရန်နိုင်စိုး၊ ကိုလှစိုး၊ စုတ်ဖွားကြီး၊ ကိုခင်မောင်ကျော်(တာမွေ)၊ Dr ဂျိုး၊ OB(လက်ပံတန်းနဲ့  CDMစစ်ဗိုလ်ကြီးတဦး အပါအဝင် ၁၆ ဦး ရိုက်နှက်တိုက်ပိတ်ခံထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်မပိတ်ခင် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၅ဦး ဆေးရုံတင်ထားရကာ ကိုသန်းတိုးအောင်ကတော့ ဦးနှောက်သွေးခဲဒဏ်ရာရရှိထားပြီး အသက်အန္တရာယ် စိုးရိမ်ရပေမယ့် ဆေးရုံမှာလည်း ကုသမှုမပေးဘဲ ပစ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပိုလုပ်လာပြီး မိသားစုဝင်တွေက ထောင်ဝင်စာပို့ရင်လည်း ကာယကံရှင်ဆီကို အနည်းငယ်သာရောက်ကာ အများစုကို ထောင်ဝန်ထမ်းတွေက ဖြတ်စားထားတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ဇူလိုင် ၁၉ ရက်နေ့ တရက်ထဲမှာပဲ အာဇာနည်နေ့အထိမ်းအမှတ် လှုပ်ရှားမှုလုပ်တယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးလည်း ရိုက်နှက် တိုက်ပိတ်ခံထားရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #အကျဉ်းထောင် #ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီ #နိုင်/ကျဉ်း #တိုက်ပိတ်ခံရ #နှိပ်စက်ခံရ #ကျန်းမာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10