အာဏာသိမ်းဂယက်၊ လောင်စာဆီစျေးအတက်နဲ့ သုံးဘီးမောင်းသမားရဲ့နေ့အခက်များ

အာဏာသိမ်းဂယက်၊ လောင်စာဆီစျေးအတက်နဲ့ သုံးဘီးမောင်းသမားရဲ့နေ့အခက်များ

နံနက်လင်းလင်းခြင်းမှာပင် သုံးဘီးထဲသို့ ဓါတ်ဆီ သုံးထောင်ဖိုးထည့်ပြီးချိန်တွင်တော့ ကိုမဲ(နာမည်လွဲ) အိတ်ကပ်ထဲတွင် လက်ကျန်ငွေ တထောင်ကျပ်သာရှိတော့သည်။ ခရီးသယ်တကြောင်းလောက် ဆွဲပြီးမှသာ နံနက်စာကိုစားရန် စဥ်စားလိုက်သည်။ ခရီးသွားများလာတတ်သည့် နေရာတွင် သုံးဘီးကိုရပ်ကာ လက်ကိုင်ဖုန်းကမည်လာမည့် ဖုန်းခေါ်သံကိုလည်း နာစွင့်ထားလိုက်သည်။

အာဏာသိမ်းမှုဖြစ်ပွားပြီး တနှစ်နီးပါးကြာမြင့်လာချိန်တွင်တော့ နိုင်ငံတဝန်းစီးပွားရေးလုပ်ငန်းများ၊ ကုန်စည်စျေးကွက်များ၊ ခရီးသွားလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်လုပ်ငန်းများ အဘက်ဘက်က ကျဆင်းနေပြီဖြစ်သည်။ တချို့လုပ်ငန်းများ ပိတ်ထားသည်။ တချို့အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေး။ အလုပ်ရုံများပိတ်သိမ်းထားသည့်အတွက် အလုပ်သမားအများစု အလုပ်လက်မဲ့ ဖြစ်နေကြသည်။ အခြားစီးပွားရေးလုပ်ငန်းများ ပွဲရုံ၊ ကုန်ဆိုင်၊ စက်မှုလုပ်ငန်းများကစ ဝန်ထမ်းလျော့ချမှုကို လုပ်လာကြသည်။

ကိုမဲအနေဖြင့် စီးပွားရေးကျပ်တည်းမှုကို ရင်ဆိုင်လာခဲ့ရသည်မှာ မြန်မာနိုင်ငံတွင် ကိုဗစ်-19 စတင်တွေ့ရှိခဲ့ချိန်ကစခဲ့သည်။ ကန့်သတ်ထိန်းချုပ်သည့် ညွှန်ကြားချက်များကြားမှာ ခရီးသွားလုပ်ငန်းများ ရပ်တန့်သွားချိန်မှစလို့ မူလလုပ်ငန်းဖြစ်သည့် စက်ပြင်လုပ်ငန်းကို စွန့်ခွါခဲ့ရသည်။ သူငယ်ချင်းများနှင့် စနောက်ပြောဆိုခဲ့ကြသလို ဒုက္ခကတယောက်တည်းမလာခဲ့ အဖော်အပေါင်းနှင့်လာသည်။

အလုပ်လက်မဲ့အနေထားဖြင့် နှစ်ဝက်လောက်ဖြတ်သန်းပြီးချိန်တွင်တော့ ရှိတာများလည်း ရောင်းချစားသောက်ပြီးခဲ့ပြီ။ အိမ်နှင့်ခြံကိုလည်ပေါင်နှံထားရပြီဖြစ်သည်။ စက်ပြင်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ရန် ပြင်ဆင်ချိန်တွင်တော့ တနိုင်ငံလုံးမျှော်လင့်မထားသည့် အာဏာသိမ်းမှု ကြီးဖြစ်ပေါ်ခဲ့တော့သည်။ 

အလုပ်ကတော့ ကိုဗစ်ကာလမှာ လုံးဝရပ်သွားတယ်။ ကိုဗစ်နောက်ပိုင်းကာလ ကူးစက်မှုနည်းသွားပြီး ဖြေလျော့မှုတွေလည်းလုပ်လာတော့ အလုပ်ပြန်စဖို့ ပြင်ဆင်ချိတ်ဆက်နေတုန်းပဲ ရှိသေးတယ်။ နိုင်ငံအပြောင်းအလဲဖြစ်တော့ တခါအလုပ်လက်မဲ့ပြန်ဖြစ်သွားတာပေါ့” လို့ အာဏာသိမ်းကာစက အခြေနေကို ပြောပြသည်။

ကိုမဲကိုဖုန်းဆက်မေးမြန်းပြီးချိန်မှာတော့ နံနက် ၉ နာရီပင်ထိုးခဲ့ပြီဖြစ်ပြီး ခရီးသယ်တကြောင်းမှလိုက် ပို့ရခြင်းမရှိသေးဘူးလို့ သူက ဆိုပါတယ်။ အများသူငါ စျေး သွားအလုပ်သွားချိန်ကျော်လွန်သွားပြီဖြစ်သည့် အတွက် ခရီးသွားဟန်လွဲများနှင့် သွားနေကြဖောက်သယ်များ ဖုန်းဆက်လာမည်ကိုသာ မျှော်လင့်ရတော့မည်။

မျှော်သာနေရသည် ယခုနောက်ပိုင်းတွင် ခရီးသည်တကြောင်း ရဖို့ကအတော်ကိုမလွယ်တော့ပေ။ ပြည်ခရိုင်အတွင်းက မြို့တိုင်းလိုလိုတွင် အိုးဝေ(ခေါ်) လူစီးသီးသန့်သုံးဘီးဆိုင်ကယ်လေးများ ရောက်ရှိပြန့်နှံနေကြပြီဖြစ်သည်။ အိုးဝေလေးများ ခေတ်စားလာသည်မှာ နှစ်သိပ်မကြာသေးပေမယ့် အခုတော့ ပြည်တမြို့ထဲတွင်ပင် အစီးရေ ခုနှစ်ရာပတ်ဝန်းကျင်တွင်ရှိနေပြီဖြစ်သည်။ အစီးရေ ၁၀ စီးခန့်ကနေ အစီးရေ ၅၀ နီးပါးထိရှိသည့် အစုအစပ်ပိုင် အိုးဝေဂိတ်များကလည်း အတော်ပင်များလှသည်။ တပိုင်တနိုင်ဝယ်ယူကာကိုယ်တိုင်မောင်းနှင် သူများလည်းရှိသလို ကိုမဲတို့လို အုံနာဆီက တဆင့်အငှားယူမောင်းသူများကလည်း မနည်းမနောပင်။ အလုပ်လက်မဲ့များပြားလာသည့်နောက်တွင် အမောင်းလိုင်စင်မလိုသော မောင်းနှင်ရလွယ်ကူသော သုံးဘီးကို အငှားယူမောင်းသူများပြားလာသည်။

“အခုကခရီးသည်တကြောင်းရဖို့မလွယ်ဘူး၊ မြို့ထဲမှာလည်း ထိုးချင်တဲ့နေရာသွားထိုးလို့မရဘူး။ သူနေရာနဲ့ သူ့အဖွဲ့တွေရှိပြီးသား ဂိတ်သဘောမျိုးအဖွဲ့လိုက်မောင်းတဲ့သူတွေကိုယှဥ်မောင်းနိုင်ဖို့ကမလွယ်ဘူး သူတို့က အထိုင်ကနေပြီးတော့ ဖုန်းနဲ့ ဘယ်အစီးကဘယ်ကိုသွား ဘယ်အစီးကဘယ်သူခေါ်နေပြီဆိုပြီး တောက်လျှောက်ပြောဆိုချိတ်ဆက်ပေးတော့ ခရီးသယ်အရမြန်တယ်။” ဟု ကိုမဲက ခရီးသယ်ရရှိနိုင်ဖို့ ခက်ခဲလာပုံကိုရှင်းပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အတက်ဘက်မှာသာရှိနေခဲ့သည့် လောင်စာဆီစျေး သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်တော့ 92- တလီတာလျှင် ၁၅၉၅ ကျပ်နှင့် 95- တလီတာလျှင် ၁၇၀၀ သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခင် NLD အစိုးရလက်ထက်တွင် 92- တလီတာလျှင် ၆၀၀ ကျော်နှင့် 95- တလီတာလျှင် ၇၀၀ ကျော်မှာသာ ရှိခဲ့သည်။ ယခင်က ဆီ ၁၅၀၀ ဖို့ထည့်လျှင် ၃ လီတာနီးပါး ရမည်ဖြစ်ပြီး ယခုကာလမှာတော့ ဆီ ၁၅၀၀ ဖိုးထည့်လျှင် ၁ လီတာပင်ရဖို့မဖြစ်နိုင်တော့ပေ။

နေ့တနေ့အစမှာပင် သုံးဘီးဆိုင်ကယ်ထဲသို့ မဖြစ်မေနေ ဆီ ၃၀၀၀ ဖိုးလောက်ဖြည့်ထားဖို့လိုသည်။ အဲတာပြီးလျှင်တော့ အုံနာဆီက အငှားယူမောင်းသူများအဖို့ အုံနာကြေး တရက် ၆၀၀၀ ကျပ်ရအောင် ခရီးသယ်ရှာရအုံးမည်။ နေ့တနေ့အတွက် ဆီဖိုး၊ အုံနာကြေး စုစုပေါင်း ၉၀၀၀ ကျပ် မဖြစ်မနေ ရှာရသည်။ ထိုထက်ကျော်မှ မောင်းသူရမည်။ ထိုအထဲတွင် လက်ဘက်ရည်ဖိုး ကွမ်း၊ ဆေးလိပ် နှင့် လုပ်အားခ ထမင်းဖိုး ခများကိုထည့်မတွက်ထားပေ။ ပုံမှန်အားဖြင့် အငှားမောင်းတယောက် တနေ့လျှင် ၂၀၀၀၀ ကျပ်လောက်ရနိုင်မှ နေ့တွက်ကိုက်သည်အဆင့်မှာပဲရှိနေသေးသည်။

“အခုဆီစျေးနဲ့က အရင်လိုမျိုး မြို့ထဲပတ်မောင်းပြီး ခရီးသယ်လိုက်ရှာဖို့မလွယ်ဘူး။ ခရီးသယ်မရရင် ဆီဖိုးရှုံးသွားနိုင်တယ်။ မသေချာတာကိုမရင်းရဲတော့ဘူး တနေရာမှာထိုးထား လာခေါ်လိုက် ဖုန်းဆက်ခေါ်ရင် သွားခေါ်သွားကြို အဲလိုသေချာတာပဲ ချိတ်ထားရတယ်။ တနေ့တနေ့ အုံနာကြေးနဲ့ ဆီဖိုးကိုမနည်းရှာရတာ။ တချို့ရတဲ့ရက်တွေလည်းရှိတယ်။ နောက်ရက်မရတဲ့နေ့ကြတော့ ပြန်စိုက်ပေးရနဲ့ လုံးချာလည် လိုက်နေတာပါပဲ။” လို့ နေ့တွက်မကိုက်ခဲ့တဲ့နေ့တွေအကြောင်း ရှင်းပြပြန်သည်။

တကယ်တမ်းတွင်လည်း ကိုမဲပြောသလို တနေ့အတွက် အုံနာကြေးနှင့် ဆီဖိုးကြေရန် မနည်းရှာရသည်။ မြို့တွင်းတကြောင်း ၁၀၀၀ ကျပ် မြို့ပြင်အနည်းငယ်ဝေးလျှင် ၁၅၀၀၊ ၂၀၀၀ ကျပ်။ တမနက်မြို့တွင်း ဆယ်ကြောင်းမောင်းရဖို့မလွယ်။ အဝေးထွက်ရလျှင်တော့ ၉ မိုင်ခန့်ဝေးကွာသည့် ရွှေတောင်မြို့လိုဆိုလျှင် ၈၀၀၀ ကျပ်၊ တနေ့လုံးငှားသူရှိလျှင်လည်း ကိုက်သည်။ 

အခုနောက်ပိုင်းကတော့ အာဏာသိမ်းပြီး အဖမ်းအဆီး အစစ်ဆေးများတာတွေကြောင့် ခရီးသယ်များနှင့် စိတ်အနှောင့်အယှက်ဖြစ်ရပြီး ခရီးသယ်တင်လျှင်လည်း အတော်သတိထားနေရသည်။ စစ်ဆေးမှုများက စိတ်မထင်လျှင်မထင်သလို တားဆီးစစ်ဆေးတတ်သည်။ အထုပ်များကိုဖွင့်စစ်တာ ဖုန်းစစ်ဆေးတာတွေကို လုပ်တတ်သည်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီးဝန်းကျင်ရောက်နေပါက လမ်းပိတ်ထားမှုများကြောင့် အချိန်တော် ရပ်တန့်ထားရသည်။ နောက်ပြန်လှည့်လျှင်လည်း စစ်ဆေးသူများက မယုံမကြည်ဖြစ်ကာ အော်ခေါ်စစ်နိုင်သည်။ 

စစ်ကောင်စီ ထိန်းချုပ်မရသည့် အရာများထဲတွင် ဒေါ်လာစျေးနှင့် လောင်စာဆီစျေးလည်း အရေးတကြီးပါဝင်နေသည်။ ပြည်တွင်းတွင်အများဆုံးသုံးစွဲနေသည့် 92,95 တို့လို ဆီမျိုးကို ပြည်ပကနေ အများဆုံးတင်သွားရပြီး ပြည်တွင်းရှိ မန်းသံပရာကန် ရေနံချက်မှ ရိုးရိုးဓါတ်ဆီနှင့် ဒီဇယ်ဆီတို့ကိုသာ ထုတ်လုပ်နိုင်သည်။ အာဏာသိမ်းမှုများ၊ မတည်ငြိမ်မှုများနှင့်၊ စီးပွားရေးပိတ်ဆို့မှုများကြောင့် ဒေါ်လာစျေး မှာ တဒေါ်လာလျှင် ၂၀၀၀ ကျပ်အထက်သို့ရောက်ရှိသွားပြီး ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ရာ ၁၇၀၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း လက်ရှိတွင် ၂၀၀၀ ကျပ်ပတ်ဝန်းကျင်သို့ပြန်လည် ရောက်ရှိလာခဲ့သည်။ 

စစ်ကောင်စီအနေဖြင့် နိုင်ငံကိုထိန်းချုပ်နိုင်ရန်သာ အာဏာကုန်သုံးလုံးပမ်းနေသော်လည်း အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့ပြသာနာများကို ဖြေရှင်းတာဝန်ယူခြင်းမရှိဘဲ။ ပေးဆောင်ရန်ရှိသည့် အခွန်အခများ မီတာခ၊ ရေခွန်၊ အခြား လိုင်စင်များ ပေးဆောင်ရမည့် ငွေကြေးများကို သာ အတင်းအကျပ်တောင်းယူနေသည်။ ယင်းအခြေနေတွင် အခြေခံလူတန်းစားများဖြစ်သည့် ကိုမဲတို့လို ပြည်သူလူထုမှာ အဆင်မပြေမှုများနှင့် မလုံခြံမှုများကို ကျောကော့နေအောင် ခံနေရသည်။

“အခုရက်ထဲတော့ လိုင်းဆွဲရတာသိပ်အဆင်မပြေလို့ သူငယ်ချင်းတွေနဲ့ အခြားအလုပ်တခုလုပ်ဖို့ နယ်သွားဖို့ရှိတယ်။ သုံးဘီးက ပြန်အပ်တော့မယ်။ ကိုယ်က အုံနာကိုပိုက်ဆံရှာပေးလုပ်ကျွေးနေရသလိုပဲ။ တခြားအလုပ်ပြောင်းလုပ်တော့မယ်။ ပင်ပန်းရင်ပင်ပန်းပစေ အချိန်တန်လို့အလုပ်ပြီးရင် ရတဲ့ပိုက်ဆံအကုန်ကိုယ်ပိုက်ဆံလို အိမ်ပြန် ပါဖို့အရေးကြီးတယ်။” လို့ ကိုမဲကအလုပ်ရှာဖို့အရေး အားတက်သရောနဲ့ ဖြေပြန်သည်။

အချိန်သည်တဖြေးဖြေးဖြင့် နေ့လည်ထမင်းစားချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ကိုမဲက မြို့တွင်းလမ်းကြောင်း နှစ်ကြောင်းသာဆွဲရသေးသည်။ ခေါ်နေကြ သူငယ်ချင်းဖြစ်သူများ သွားစရာရှိမလားဖုန်းဆက်မေးတော့မည်ဖြစ်ကြောင်း ဆိုသည်။

နောက်ရက်တွင် ကိုမဲအနေဖြင့် အိုးဝေလေးကို အုံနာထံပြန်အပ်တော့မည်။ ဆီစျေး အတက်ဒဏ်ကိုသူ မခံနိုင်တော့။ သို့သော်အုံနာထံပြန်ရောက်သွားမည့် အိုးဝေလေးကိုအလုပ်လက်မဲ့ဖြစ်နေသော အခြားတယောက်ကငှားရမ်းကာ မောင်းနှင်ပါလိမ့်အုံးမည်။ 

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများစွာရှိနေသည်။ နေ့တနေ့အတွက် စားဖို့ပင်အနိုင်နိုင်ဖြစ်နေသူများ စွာရှိနေသည်။ အာဏာသိမ်းမှုကို တတ်စွမ်းသလောက်ဆန့်ကျင်ခဲ့ကြသူများမှာလည်း အခြေခံလူတန်းစားများကထိပ်ဆုံးကဖြစ်ခဲ့သည်။ အာဏာသိမ်းမှုကြောင့် ဖရိုဖရဲလွှင့်စင် ပြိုကွဲသွားကြသူများမှာလည်း အဆိုပါလူများပင်ဖြစ်ပါသည်။ ထိုသူများမှာ နိုင်ငံ၏အပြောင်းအလဲတခုကို မျှော်လင့်နေကြသည်။ စားဝတ်နေရေးပြေလည်စေမည့် မိသားစုများလုံခြုံအေးချမ်းစေမည့် အပြောင်းအလဲ တခုကို သူတို့မျှော်လင့်နေကြသည်။

နွေဦးငြိမ်းချမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10