အိပ်ယာဘေး ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ပြီး လူ ၃ ဦးသေဆုံး

အိပ်ယာဘေး ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ပြီး လူ ၃ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိုနယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရွာမှာ အိပ်ယာဘေး ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ပြီး လူ ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂၂ ရက် ည ၁၀ နာရီကျော်လောက်မှာ အိုးဘိုကျေးရွာနေ ဦးလှဝင်းနေအိမ်မှာ ညဘက်အိပ်ချိန် အိမ်ယာဘေး ဖယောင်းတိုင်မီး ထွန်းထားရာကနေ ခြင်ထောင်ကို မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

"ညက မီးမလာတော့ ခြင်ထောင်ဘေး ဖယောင်းတိုင် မီးထွန်းအိပ်ကြတာနေမယ်။ မီးလောင်တော့ ကျန်းမာရေးမကောင်းတဲ့သူကော အိမ်သားတွေကော မီးလောင်သေဆုံးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်လို့ နေအိမ်ပိုင်ရှင် ကျန်းမာရေးမကောင်းသူ ဦးလှဝင်း ၇၀ နှစ်၊ သားဖြစ်သူ ဦးရဲကျော် ၄၀ နှစ်နဲ့ သမီးဖြစ်သူ မဇင်သူသူဝင်း ၃၆ နှစ်တို့ဟာ မီးလောင်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  ၂ ထပ်နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ် ၁ စီးအပါအဝင် အိမ်တွင်းပစ္စည်းတွေ မီးလောင်ခဲ့လို့ ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသ လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး အမရပူရဆေးရုံကို ပို့ထားရပါတယ်။

ဧပြီလ ၅ ရက် မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်မယ်ဇယ်ပင်ကျေးရွာမှာ မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်လို့ နေအိမ် ၃ လုံး ပြာကျသွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မန္တလေးတိုင်း #အမရပူရ #တောင်သမန် #မီးဘေး #ပေါ့ဆမီး #ဆုံးရှုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10