အိမ်စီးကားနဲ့ထွက်လာတဲ့ ခလရ ၂၅၈ က စစ်သားတွေကို PDFက အနီးကပ်ပစ်လို့ ၃ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၈ တပ်ထဲကနေ ရေစကြိုမြို့ကိုပြန်တဲ့ စစ်ကောင်စီအင်အား ၇ ဦးဝန်းကျင်ပါ ကား ၁ စီးကို ရေစကြိုမြို့အဝင်မှာ ကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ဆီက သိရပါတယ်။

မတ် ၂၈ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ခလရ ၂၅၈ ထဲကနေ ကားအဖြူနဲ့ ရေစကြိုမြို့ထဲကို ပြန်တဲ့အချိန် ရေစကြိုမြို့အဝင်အနားမှာ အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"အဲ့ဒီကား‌ပေါ်မှာ ခွေး ၇ ကောင်ပါတာ၊ ရေစကြိုမြို့အဝင်အနားမှာ အသင့်စောင့်ဆိုင်းပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ၃ ကောင်သေဆုံးပြီး ၂ ကောင်ဒဏ်ရာရတယ်၊ ကျန်တဲ့အကောင်တွေကလည်း ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်၊ ကားကိုတော့ မီးရှိူ့ထားခဲ့ဖို့လုပ်ပေမဲ့ ရေစကြိုမြို့မရဲစခန်းနဲ့ မီတာ ၂၀၀ အကွာမှာ ပစ်ကြရတာ ဖြစ်လို့ ကျနော်တို့ လက်နက်တွေအမြန်ကောက်ပြီး ရဲဘော်တွေပြန်လာခဲ့ကြတာ" လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီကားပေါ်က MA 4 ၁ လက် ၊ MA 1 ၁ လက်၊ ၄၀ မမ ဗုံးသီး ၃ လုံး နဲ့ 5.56 ကျည် ၁၆၀ တောင့် သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ 

#ရေစကြို #ခလရ၂၅၈ #စစ်အုပ်စု  #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10