အိမ်စီးကားနဲ့လာတဲ့မြင်းခြံကရဲတွေ ဝိုင်းပစ်ခံရလို့ ဒုရဲအုပ်အပါ ၆ဦးသေပြီး သေနတ် ၃ လက်ရ

အိမ်စီးကားနဲ့လာတဲ့မြင်းခြံကရဲတွေ ဝိုင်းပစ်ခံရလို့ ဒုရဲအုပ်အပါ ၆ဦးသေပြီး သေနတ် ၃ လက်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလိုက်လာတဲ့အိမ်စီးကား ပစ်ခတ်ခံရပြီး ဒုရဲအုပ်အပါ ၆ ဦးသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၂ဆီက သိရပါတယ်။

ကြိုတင်သတင်းရထားလို့ မြင်းခြံ-ဆီမီးခုံကားလမ်းမပေါ်မှာ ကာကွယ်ရေးအဖွဲ့တွေက စောင့်နေကြတာဖြစ်ပြီး ဇန်နဝါရီ  ၂၂ ရက် မနေ့က နေ့လယ် ၁၂ နာရီခန့်က မြင်းခြံဘက်ကမောင်းနှင်လာချိန် တောပုနဲ့ ဆင်းဂွတ်ကျေးရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပေ ၁၅၀လောက်ကနေ လက်အမူရာနဲ့ရော ပါးစပ်‌နဲ့ရော မှန်ချခိုင်းတယ်၊ မချတော့ အပေါ်ကို သေနတ် ၂ချက်ထောင်ဖောက်တယ်။ မှန်ထပ်ချခိုင်းတယ်၊ လုံးဝ မချဘူး။ အဲ့ချိန်မှာ ကားထဲကနေ သေနတ်လှုပ်ရှားမှုမြင်ရတော့ သေချာသွားပြီဆိုပြီး ရဲဘော်တွေကပစ်တာ။ ပြည်သူကားနဲ့ မှားမှာစိုးလို့ သတိထားပြီး လုပ်ဆောင်ခဲ့ရတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း ၂ (တလုပ်)အဖွဲ့ခေါင်းဆောင် ကိုသိန်းမောင်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ကားပေါ်ပါ ဒုရဲအုပ် ထင်အောင်ကျော်၊ ဒုရဲတပ်ကြပ် စိုးဇေယျာမင်း၊ ရဲတပ်သား အောင်သူရထွန်း၊ ရဲတပ်သား မသော်သော်မျိုးနဲ့ ခင်ပွန်းဖြစ်သူ ဦးအောင်ဖြိုးသန့်၊ ရဲတပ်သား မပန်းအိဖြူတို့ ၆ ဦးစလုံး သေဆုံးခဲ့ကာ ကားပေါ်မှာ ပါလာတဲ့ G 3 ၂လက်၊ အူဇီ ၁လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ရောက်လာတဲ့ စစ်ကောင်စီကား၂စီးကိုပါ တိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြကာ သေဆုံး ထိခိုက်အခြေနေတော့ မသိရသေးဘဲ အဲ့ဒီကားတွေက ညနေပိုင်းမှာ ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဆိုပါ ရဲတပ်သားတွေဟာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် မန္တလေးကို လူတွေ့စစ်ဆေးမှုသွားပြီးနောက် မြင်းခြံကနေ ဆီမီးခုံကိုပြန်လာချိန် ခုလိုတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

ဒါ့အပြင် ကားပေါ်မှာပါလာတဲ့ ၃၈ဗို့ ခြောက်လုံးပြူး တလက်၊ ကျည် ၁၄တောင့်၊ MA 13 တလက်၊ ကျည် ၁၂၀၊ BA 63 တလက်၊ ကျည် ၁၀၀၊ MG 1လက်ပစ်ဗုံး တလုံးတို့ ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုထားပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၂ (တလုပ်)၊ မိုင်းဇာနည်၊ မြောင်ပလဖ၊ Freedom Fighter Guerrilla Force(FFGF Myingyan)နဲ့ MP 9 အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၀ရက် ညနေ ၄နာရီခွဲကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းကာ ဆီမီးခုံက ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဆင်းဂွတ်ရွာနဲ့တောပုရွာကြားမှာ ပဒေသာမိုင်း ၇လုံးနဲ့ တိုက်ခိုက်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ရဲတပ်ဖွဲ့ #အိမ်စီးကား #ပစ်ခတ်ခံရ #၆ဦးသေဆုံး #PDF #ပစ်ခတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10