အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ စစ်ကြောရေးမှူးအရာရှိအပါ ၂ ဦးသေဆုံး

အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ စစ်ကြောရေးမှူးအရာရှိအပါ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းနားမှာ စစ်ကောင်စီရဲတပ်သားတွေလိုက်ပါလာတဲ့ ကားကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောရေးမှူးအရာရှိနဲ့ တပ်သားတဦး သေဆုံးခဲ့တယ်လို့ Hero Defence Force (မြင်းခြံ)အဖွဲ့ ကတဆင့် သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ မြို့သာရဲစခန်းဘက်ကနေ မင်းနေကုန်းရဲစခန်းကို အိမ်စီးကားနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးပြန်လာချိန် သတင်းအတိကျရထားတဲ့အတွက် လမ်းမှာစောင့်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“တားတယ်ပေါ့နော်၊ မှန်တွေချခိုင်းတယ် မချဘူး၊ နောက်ဆုတ်မောင်းသွားလို့ ပစ်ခတ်တယ်ပေါ့၊ ပစ်ခတ်တဲ့အခါမှာ စစ်ကြောရေးမှူးရယ်၊ ရဲတပ်သားရယ်သေဆုံးပြီးတော့ ရဲတကောင်ကတော့ လွတ်သွားတယ်။”လို့ Hero Defence Force (မြင်းခြံ)အဖွဲ့တာဝန်ခံ ကိုစစ်သူကြီးက ပြောပါတယ်။ 

ပစ်ခတ်ခံရပြီး မြို့သာရဲစခန်းက စစ်ကြောရေးမှူးအရာရှိနဲ့ ရဲတပ်သားတဦး သေဆုံးခဲ့ပြီး ရဲတပ်သားတဦးကတော့ လက်မောင်း ကျည်ရှပ်ထိ ဒဏ်ရာနဲ့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ကားပေါ်ပါလာသူတွေထဲက ၂ ဦးသေဆုံးတာကိုတော့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေကအတည်ပြုနိုင်ခဲ့ကာ အဲ့ဒီထဲမှာ စစ်ကြောရေးမှူးအရာရှိပါတာနဲ့ သူဟာ မန္တလေးကနေ မြို့သာကိုပြောင်းရွေ့လာတာ လပိုင်းပဲရှိသေးတယ်ဆိုတာကိုတော့ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှ မြေပြင်ကင်းထောက်တွေဆီက အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Hero Defence Force(မြင်းခြံ)နဲ့ MGN Tigerအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး G 3 ကျည်ဘောက် ၂ ဘောက်၊ ကျည် ၃၇၀ ကျော်နဲ့ ရဲတပ်သားတွေရဲ့ ပစ္စည်းတချို့ကို သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းနိုင်ခါနီးမှာ လေကြောင်းပစ်ကူတွေကြောင့် ပြန်ဆုတ်ခွာခဲ့ရပြီး ၂ ဖက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #တိုက်ခိုက်မှု #စစ်ကြောရေးမှူး #ရဲတပ်သားသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10