အိမ်တွေမီးရှို့ပစ္စည်းယူနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၇ ဦးခန့် သေဆုံးဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စု၊ ကျွဲကျရွာကနေအိမ်တွေကို မီးရှို့ပြီး အိမ်တွင်းပစ္စည်းတွေယူနေတဲ့ စစ်ကောင်စီတပ်တွကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၇ ရက် မနက်ပိုင်းကစတင်ပြီး အင်အား ၃၀ ကျော်ပါတဲ့ စစ်သားတွဟာ ကျွဲကျကျေးရွာထဲကို ဝင်ရောက်မီးရှို့နေချိန် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာအပြင် စစ်ကောင်စီတပ်တွေရှိနေတဲ့ ရွာထဲအထိ ဝင်ရောက်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူဗိုလ်နတ်ဆိုးက ပြောပါတယ်။


"သူတို့က ၆ ရက်နေ့ကတည်းက ရွာကိုဝင်ပြီး အထိုင်ချတပ်စွဲထားတယ်။ နောက်တနေ့မှာ အိမ်တွေ မီးရှို့တယ်။ သူတို့မီးရှို့နေချိန် ဒရုန်းနဲ့ကင်းထောက်ပြီး ဒရုန်းဗုံးလဲချ၊ ဝင်လည်းပစ်တာပါ။ ကျနော်တို့ဘက်ကပစ်တော့ သူတို့အလောင်းတွေတောင်မဆွဲပဲ ရုန်းရင်းဆန်ခတ်ပြေးတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပြီး ဗိုလ်တဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်က စစ်ကူထပ်ရောက်လာကာ ကျွဲကျကျေးရွာမှာပဲ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ပုသိမ်ကြီးနဲ့မတ္တရာဘက်က တပ်တွေလို့သိရပြီး မတ်လ ၆ ရက် မနက်ပိုင်းကတည်းက ကျွဲကျရွာထဲဝင်လာလို့ ရွာသားအများစုက ထွက်ပြေးတိမ်းရှောင်နိုင်ကြပေမယ့် သက်ကြီးရွယ်အိုတွေတော့ မပြေးနိုင်ဘဲကျန်နေခဲ့တယ်လို့လည်း ဗိုလ်နတ်ဆိုးက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက်တော်လှန်ရေး တပ်ဖွဲ့)၊ ကောင်းကင်တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ ဒေါင်းစစ်သည် (ပြောက်ကျားတပ်ဖွဲ့)၊ ပြင်ဦးလွင်ခရိုင် ပ.က.ဖ. နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ တိုက်သိန်း (မြေအောက်တော်လှန်ရေးတပ်ဖွဲ)နဲ့ MRF (မဟာတော်လှန်ရေးတပ်ဖွဲ့)တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှာ ၆ လကျော်အခြေချတပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော်ရှိစစ်သားတွေကိုလည်း ကင်းကျေးရွာကနေ ကျောက်တံတားဘက်ကို တပ်ပြန်ခေါက်ချိန် ရွာသာယာကျေးရွာနဲ့ မန်ကျည်းကုန်းကျေးရွာကြားမှာ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့ရာ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10