အိမ်ပြန်စာသင်ချင်တဲ့ ဆယ်နှစ်အရွယ် ကယန်းမိန်းကလေးငယ် ရဲ့ စစ်ရှောင်နေ့များ

အိမ်ပြန်စာသင်ချင်တဲ့ ဆယ်နှစ်အရွယ် ကယန်းမိန်းကလေးငယ် ရဲ့ စစ်ရှောင်နေ့များ

"သူငယ်ချင်းတွေရှိတယ် ကျောင်းတွေတက်ရတယ်။ ရွာမှာပိုအဆင်ပြေတယ်။ အခုတော့ရွာပြန်မရတော့ဘူး စစ်ကောင်စီစစ်သားတွေကြောင့် အိမ်တွေအကုန်ပျက်စီးကုန်ပြီ" လို့ စစ်ရှောင်စခန်းထဲက ၁၀ နှစ်အရွယ် ကယန်းမိန်းကလေးငယ်က ဆိုလိုက်သည်။

တိုင်းရင်းသားဝတ်စုံမဟုတ်ဘဲ ကြုံရာအနီရောင်အင်္ကျီလက်စက စတော်ကင်ဘောင်းဘီကို ဝတ်ဆင်ထားသည့် ဖြူဖျော့ဖျော့ ကယန်းမိန်းကလေးငယ်၏ မျက်နှာနှင့်ခြေထောက်တို့တွင် နေလောင်ဒဏ်ကြောင့် နွမ်းခြောက်လို့နေသည်။ မှေးဖျားတွင် နှာခေါင်းစည်း(Mask) ကိုတပ်ဆင်ထားပြီး ဆံပင်တို့ကမသေသပ်ဖြင့် စစ်ရှောင်စခန်းဝါးခြမ်းခင်း အစွန်တွင်ထိုင်ရင်း ဖြစ်ချင်သည်များကို မဝံ့မရဲပြောပြနေသည်။ 

ကာထားသည့်တာလပတ်ရောင်ကြောင့်လား အမိုးတာလပတ်ရောင်ကြောင့်လား ရှက်စိတ်ကြောင့်လားမသိ။ မိန်းကလေးငယ်၏ မျက်နှာမှာ တချက်ချက်တွင် ပန်းရောင်သန်းလို့ သွားပြန်တော့သည်။

ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ကာ ရှမ်း-ကယား နယ်စပ်နှင့် မြို့နယ်များတွင် စစ်ကောင်စီတပ်သားများနှင့် ဒေသကာကွယ်ရေး လက်နက်ကိုင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီဘက်က သာလွန်အင်အားအများအပြားဖြင့် လက်နက်ကြီးများ လေယာဉ်များဖြင့်ပါ ဗုံးကျဲတိုက်ခိုက်မှုများ ကျေးရွာများကို မီးရှို့မှုများ ပြုလုပ်ခဲ့သည်။

ယင်းမြို့နယ်များမှာ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များဖြစ်ကြပြီ တိုင်းရင်းသား ၂ သိန်းခန့် စစ်ဘေးရှောင်အဖြစ် ဘေးလွတ်မည်ထင်သည့်နေရာများကို ပြန့်နှံ့ရှောင်တိမ်းခဲ့ကြပြီး ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ခွင့်ရ ဖယ်ခုံမြို့နယ်ထဲသို့ အများဆုံးရောက်ရှိသွားခဲ့ကြတယ်လို့ စစ်ဘေးရှောင်ကူညီနေသူများက ဆိုကြသည်။

ထိုအထဲတွင် လူမမည်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အများဆုံးဖြစ်ခဲ့ပြီး ထိခိုက်လွယ်အုပ်စုများလည်း ဖြစ်နေပြန်သည်။ ကယန်းမိန်းကလေးငယ် ရောက်ရှိသွားသည့် ဖယ်ခုံမြို့နယ်ထဲက စစ်ရှောင်စခန်းမှာပင် ကလေးငယ် ရာချီရောက်ရှိနေကြသည်။

စစ်ရှောင်စခန်းကိုရောက်ရှိပြီး ရက်သတ္တပတ် ၂ ပတ်အကြာမှာတာ့ ကယန်းမိန်းကလေးငယ်မှာ သူငယ်ချင်း တယောက်နှစ်ယောက်ရလာခဲ့သည်။ သို့သော် သူမပျော်နိုင်သေး။

"ရွာမှာနေဆိုပိုပျော်တယ် သူငယ်ချင်းတွေသွားလည်လို့ရတယ်။ ကျောင်းတွေတက်တယ် တဝမ်းခွဲနဲ့ဆော့တယ် ဒီမှာတော့ သူပါမလာတော့ ဘာမှမပျော်ဘူး စိတ်မချမ်းသာဘူး" လို့ ကယန်းမိန်းကလေးငယ်က တကယ်သူဖြစ်ချင်တဲ့ ဆန္ဒကိုသာ ထပ်ခါတလဲလဲပြောပြန်သည်။

နှစ်ကြာနေသည့် စစ်ရှောင်စခန်းများတွင် အချိန်ပိုင်းအဖြစ် ဆရာဖြင့် စာသင်ပေးသော်လည်း သိပ်မကြာသေးသည့် စစ်ရှောင်စခန်းများအတွက် စာသင်ကြားပေးခြင်းအစီစဉ်မှာရှိမနေသေးပေ။ ကယန်းမိန်းကလေးငယ်ကတော့ စာသင်ကြားရန် စာအုပ်များနှင့် ဆရာမကို လိုချင်နေသည်။

လက်တွေ့တွင်တော့ စစ်ရှောင်စခန်းအချို့မှာ နှစ်ရှည်လာများကြာလာခြင်း လပိုင်းအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်တိုင်းရင်းသားများအလုံးအရင်းဖြင့် ဝင်ရောက်လာနေခြင်းတို့ကြောင့် ဝေငှပေးရန် ဆန်နှင့်ဆီပင် အခက်ခဲဖြစ်နေပြီဖြစ်သည်။ 

"နောက်အခါကတော့ ဘယ်လိုနဲ့ပြန်ရမလဲ သမီးတို့လည်းကျောင်းတက်ချိန် ဆရာမလည်းမရှိဘူး။ သမီးတို့ ဒီလိုပဲနေရတယ်။ စာအုပ်တွေလည်းလိုချင်တယ်။" ဖြစ်ချင်တာကိုပြောပြနေသော်လည်း သူမမျှော်လင့်ချက်များက ပျောက်ဆုံးခဲ့ပြီဆိုတာကို သိနေပြီးဖြစ်သည်။

 

#မြေလတ်အသံ

တိုက်ပွဲများကြား လူချည်းပြေးခဲ့ရသူများအတွက် အဝတ်အထည်များက လိုအပ်နေသည့်အပြင် လုံလောက်ခြင်းမရှိသည့်အတွက် စောင်များကို မျှခြုံခဲ့ကြရသည်။

ခြင်များကိုက်ခြင်းနှင့် သောက်သုံးရေပြဿနာ များလည်းရှိနေသည့် ဖျားနာမှုများဖြစ်နေပြီး ဆရာဝန်နှင့်ဆရာမများကိုလည်း မျှော်လင့်နေပြန်သည်။

"အေးတယ် ‌စောင်မလုံလောက်ဘူး မိသားစုများတော့ ခြင်ထောင်လည်းလိုတယ် ခြင်ကလာကိုက်တယ်။ အဲလိုဆိုရောဂါဖြစ်တတ်တယ်။ ခဏခဏဖျားတယ်ဆို ဆရာဝန်တွေ ဆရာမတွေကို လာကြည့်စေချင်တယ်။ ရေချိုး၊ အပေါ့၊ အလေး သွားရတာ အဆင်မပြေဘူး" လို့ စခန်းတွင်းလိုအပ်နေသည်များကို စီကာပတ်ကုံး ပြောပြပြန်သည်။

ကယန်းစစ်ရှောင်စခန်းရောက်ရှိပြီးနောက် မိန်းကလေးငယ်၏ တဝမ်းခွဲနှင့် အဒေါ်ဖြစ်သူ သားမှာလည်း လက်နက်ကြီးထိမှန် ဆုံးပါးသွားခဲ့တယ်လို့ ဆိုသည်။ အဒေါ်ဖြစ်သူသားမှာ လက်နက်ကိုင်တော်လှန်ရင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။ 

အထက်ပါ သတင်းစကားကြောင့် သူမစိတ်မကောင်းဖြစ်ခဲ့ရပေမယ့် တတ်နိုခြင်းမရှိခဲ့သည့်အတွက် သူစိတ်ဖြေနေခဲ့ရသည်။ စစ်ပွဲများဘယ်တော့ချုပ်ငြိမ်းမည်ကို မသိသော်လည်း တော်လှန်ရေးဆိုတာကို အမြန်ပြီးမြောက်စေချင် နေသည်။

"တော်လှန်ရေးမြန်မြန်အောင်မြင်ပါစေ အကိုတွေ၊ အမတွေ သူငယ်ချင်းတွေ ဆရာမတွေလွမ်းတယ်။ "ထိုစကားကိုပြောပြီးချိန်မှာတော့ သူမခဏတွေသွားသည်။ အနားရှိ သူထက်ငယ်သော ကလေးငယ်လေးတယောက်ကို သူမအနားကို တိုးကပ်နေတော့သည်။

ပြည်နယ်တိုက်ပွဲများအပြင် တိုင်းဒေသကြီးအချို့မှ တိုက်ပွဲများကြောင့်လည်း စစ်ရှောင်များမှာ နေ့စဉ်လို တိုးလာနေသည်။ နှစ်ရှည်လများ စစ်ရှောင်နေရသူများမှာလည်း နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။ ထိုအထဲတွင် ထိခိုက်လွယ်အုပ်စုဖြစ်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ အများဆုံးဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု စားနပ်ရိက္ခာမ လုံလောက်မှုနှင့် လုံခြုံမှုတို့မှာလည်း အားနည်းနေဆဲပင်။

လက်နက်ကြီးကျကွဲသံ၊ လေယာဉ်ပျံဗုံးကျဲသံများက ကလေးငယ်များ၏ စာအံ့နေသံများကို ဖုံးလွှမ်းသွားပြီဖြစ်သည်။ ပိုလို့အာရုံထားနေရသည့် အသက်အန္တရာယ်မလုံခြုံမှု၊ စားရေရိက္ခာနှင့် ကျန်းမာရေးတို့ကြောင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရသည်။ 
အိမ်လွမ်းစိတ်သည့် ကလေးငယ်များကို စိတ်ဝေဒနာတရပ်အဖြစ် စွဲသွားနိုင်သည့်အခြေနေနှင့် ယုံကြည်ချက်၊ မျှော်လင့်ချက် ဝေဝါးနေသည့်အဖြစ်ကို ကယန်းမိန်းကလေးငယ်က မီးမောင်းထိုးပြလိုက်သည်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10