အိမ်မက်ပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် အင်္ဂလန်ဒါဘီ (အားကစားသတင်း)

အိမ်မက်ပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် အင်္ဂလန်ဒါဘီ (အားကစားသတင်း)

ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းတွေထဲက နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် မြို့ခံပြိုင်ဘက်ချင်းတွေ့ကြတဲ့ ဒါဘီပွဲတွေဖြစ်တဲ့ မန်ချက်စတာဒါဘီ၊ မာဆေးဆိုက်ဒါဘီတို့ထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ပြီး အင်္ဂလန်ဒါဘီလို့ တင်စားခံရတဲ့ ဒီနှစ်သင်းတွေ့ဆုံမှုကိုတော့ ယူနိုက်တက်တို့ရဲ့ အိမ်ကွင်း အိမ်မက်ပြဇာတ်ရုံ အိုထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်သွားမှာပါ။

ရာသီသစ်မှာ အနိုင်နဲ့စတင်ခဲ့ပေမယ့် ပွဲစဉ် ၂ မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီး ခြေစွမ်းမတည်ငြိမ်သေးတဲ့ ယူနိုက်တက်တို့အတွက် ဒါဟာ ခက်ခဲတဲ့ ပွဲစဉ်တခု ဖြစ်လာမှာပါ။ ယူနိုက်တက်ရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ နောက်တန်းနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ခေါ်ယူမှုအဖြစ် ဒီလစ်၊​ မာဇရာဝီနဲ့ ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတေးတို့ကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့သလို ဟွိုက်လန်းဒဏ်ရာရနေပေမယ့် တိုက်စစ်မှူးအသစ် ဂျော့ရှူဝါ ဇာ့ခ်ဇီးကလည်း ပထမဆုံးပွဲမှာတင် ပထမဆုံးအနိုင်ဂိုးကို သွင်းယူပေးထားနိုင်ခဲ့တာဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့လည်း ဒီပွဲအတွက် လူအင်အားအရတော့ တောင့်တင်းတဲ့အခြေအနေမှာရှိနေပါတယ်။ 

လီဗာပူးလ်အသင်းအနေနဲ့ နည်းပြသစ် အာနဲဆလော့ လက်ထပ်မှာ ဘယ်လိုဖြစ်လာမလဲဆိုပြီး ပူပန်မှုတွေ ရှိခဲ့ကြပေမယ့် ဒီရာသီအတွက် ၂ ပွဲကစားထားပြီး ၂ ပွဲလုံး နိုင်ပွဲဖော်ဆောင်ထားခဲ့လို့ နည်းပြအသစ် မူလလက်ဟောင်း လီဗာပူးလ်အဖြစ် ရှိနေဆဲလို့ ပြောလို့ရနိုင်ပါတယ်။ ရစ်သမ်မိနေတဲ့ ကြိုးကြာတို့ကတော့ မနေ့ညက သရေရလဒ်ဖြစ်ခဲ့တဲ့ အာဆင်နယ်နဲ့ဘရိုက်တန်တို့ကြောင့် ဒီနေ့အနိုင်ရယူနိုင်ခဲ့ရင် အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ဂျူဗင်တပ် တိုက်စစ်ကစားသမား ခီယေဆာကတော့ ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် ပါဝင်နိုင်ဦးမှာမဟုတ်ပေမယ့် ဂျိုတာ၊ ဒီယက်ဇ်၊ ဆာလတ်တို့ရဲ့ ခြေစွမ်းကောင်းပြသနိုင်မှုကြောင့် အဝေးကွင်းနိုင်ပွဲရအောင် စွမ်းဆောင်နိုင်မလား ကြည့်ရမှာပါ။

ပရီးမီးယားလိဂ် ပွဲစဉ် ၃ အထိ နိုင်ပွဲဖော်ဆောင်ထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်း ဟက်ထရစ် ၂ ကြိမ် ရရှိခဲ့ခြင်းနဲ့အတူ ချန်ပီယံခြေစွမ်းကို ဆက်လက်ပြသနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အဓိကပြိုင်ဘက် အာဆင်နယ်ဟာ ပွဲစဉ် ၃ မှာတင် စတင် အမှတ်လျော့နေပြီဖြစ်သလို ပွဲကြပ် ရင်ဆိုင်ရမယ့် လီဗာပူးလ်ကလည်း ရုန်းကန်ရဦးမယ့် အခြေအနေပါ။ ဒီပွဲမှာသာ လီဗာပူးလ်တို့ အမှတ်လျော့ခဲ့ရင် ရာသီအစမှာတင် မန်စီးတီးတို့ ဖိအားကင်းကင်းနဲ့ စတင်ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်ဒါဘီပွဲကောင်းတပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုတော့ ယနေ့ တနင်္ဂနွေည ၉ နာရီ ၃၀ မိနစ်၊​ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီတေလာ က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဓါတ်ပုံ - MUSC Kerala (Twitter)။

#မြေလတ်အသံ

#အားကစားသတင်း #ယူနိုက်တက် #လီဗာပူးလ် #အင်္ဂလန်ဒါဘီ #ဘောလုံးပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10