အိုးဘိုထောင်က နိုင်ကျဥ်းအမျိုးသမီးတွေ ကျန်းမာရေးထိခိုက်တဲ့အထိ နှိပ်စက်ခံရပြီး ဆေးကုခွင့်လည်းမရ

အိုးဘိုထောင်က နိုင်ကျဥ်းအမျိုးသမီးတွေ ကျန်းမာရေးထိခိုက်တဲ့အထိ နှိပ်စက်ခံရပြီး ဆေးကုခွင့်လည်းမရ

မန္တလေး၊ အိုးဘိုထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့အမျိုးသမီးတွေကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်မှာ ထမီရင်ရှားနဲ့ပုံစံထိုင်ခိုင်းတာတွေပြုလုပ်တာကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံလောက် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဘူးလို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေဆီက သိရပါတယ်။

"ကလေးတွေကို တခါတလေ ဆောင်းတွင်းကြီးမှာ မနက်ထခိုင်းပြီးရေချိုးခိုင်းတယ်။ မထွက်မနေရပေါ့။ ပြီးရင် ထမီရင်ရှားတွေနဲ့ ကော်ရစ်တာ လေတိုက်ထဲမှာ ပုံစံထိုင်ခိုင်းပြီး ၄ ယောက် တသုတ် ၅ ယောက်တသုတ် ချိုးခိုင်းတယ်။ အမှန်ဆို တချိန်တည်း အယောက် ၂၀-၃၀ ချိုးလို့ရတယ်လေ။ ပညာအမျိုးမျိုး ပြခံရတာပေါ့။ အဲဒီမှာ နာမကျန်းဖြစ်ကုန်ကြတာ"လို့ နှစ်ရှည် နိုင်/ကျဉ်း အမျိုးသမီးတဦးနဲ့ နီးစပ်သူက ပြောပါတယ်။

ဒါ့အပြင် မနက် ၅ နာရီလောက်မှာ အနွေးထည်ချွတ်ခိုင်းပြီး ပုံစံထိုင်ခိုင်းတာတွေလည်းရှိပြီး အအေးဒဏ်ကြောင့် အရင် အာရုံကြောအားနည်းတဲ့ အမျိုးသမီးတွေမှာ အကြောကပ်တာ၊ ခြေထောက်သိမ်ဝင်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

"ဆေးဝါးစောင့်ရှောက်မှုဆိုတာက ထောင်ဆေးရုံကို အတက်မပြရဲကြပါဘူး။ ဆေးရုံတက်လိုက်ရင် အခုနေတဲ့နေရာ ပျောက်သွားမှာစိုးလို့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပါလာတဲ့ ဆေးဝါးလေးနဲ့ နေကြရတာပါ"လို့ နိုင်/ကျဥ်းမိသားစုဝင်တဦးက ပြောပါတယ်။

ခုလို မနက်အစောရေချိုးခိုင်းတာ၊ အနွေးထည်ချွတ် ပုံစံထိုင်ခိုင်းတာတွေကို မကြာခဏလုပ်ရပြီး အမျိုးသမီးအဆောင်မှူးနဲ့ ပြဿနာဖြစ်ရင်လည်း ပညာပေးတဲ့အနေနဲ့ လုပ်ခိုင်းတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အမျိုးသမီးအဆောင်တွေကို ပုံမှန် ၁ လခွဲနေမှ ၁ ကြိမ်သာ စစ်ဆေးရေးဝင်ပေမယ့် လက်ရှိမှာ ၁ ပတ်ကို ၃ ကြိမ်လောက် စစ်ဆေးရေးဝင်ပြီး အကျဥ်းထောင်က အရာရှိတွေဟာ သူတို့ကိုယ်တိုင် ခွင့်ပြုမိန့်နဲ့ သွင်းထားတဲ့ ပစ္စည်းတွေကိုပဲ တရားမဝင်ပစ္စည်းတွေဆိုပြီး ပြန်လည်သိမ်းယူတာတွေ လုပ်တယ်လို့ အဲ့ဒီထောင်ကပြန်လွတ်လာတဲ့ အမျိုးသားတဦးက ပြောပါတယ်။ 

မန္တလေးအိုးဘိုအကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်မှုမှာနာမည်ကြီး အကျဥ်းထောင်တခုဖြစ်ပြီး အကျဥ်းထောင်ရောက်ပြီး သတင်းအစအန ပျောက်သွားတဲ့ အမျိုးသမီးတွေလည်းရှိတယ်လို့ နိုင်/ကျဥ်းမိသားစုဝင်တွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #အိုဘိုထောင် #အမျိုးသမီးအကျဥ်းသူ #နှိပ်စက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10