အိုးဘိုထောင်မှာ အသက် ၂၃ နှစ်အရွယ် နိုင်ကျဉ်းတဦး ရိုက်နှက်ခံရပြီး သေဆုံး

အိုးဘိုထောင်မှာ အသက် ၂၃ နှစ်အရွယ် နိုင်ကျဉ်းတဦး ရိုက်နှက်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုထက်ရန်နိုင်ဟာ အကျဉ်းဦးစီး ဝန်ထမ်းတွေရဲ့ ရိုက်နှက်ညှင်းပန်းမှုတွေကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ကတဆင့် သိရပါတယ်။

ဇွန် ၂၀ ရက် မနက် ၇ နာရီမှာ အခန်းစာရေးအဖြစ် လုပ်ကိုင်နေတဲ့ အကျဉ်းသားတဦးက မူးယစ်ဆေးရောင်း ဝယ်နေတာကို ကိုထက်ရန်နိုင်က မျက်မြင်တွေ့ရှိလို့ တိုင်ကြားဖို့ကြိုးစားခဲ့ပေမယ့် အခန်းသူကြီးက ညှိနှိုင်း ပေးတဲ့အတွက် ပြေလည်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာပဲ မူးယစ်ဆေးရောင်းဝယ်တဲ့ အခန်းစာရေး အကျဉ်းသားက အိပ်ဆောင် ၃ရဲ့ ဒုအဆောင်မှူး တပ်ကြပ်ဇေယျာအောင်ကို လီဆယ်တိုင်ကြားလိုက်တာကြောင့် ကိုထက်ရန်နိုင်ကို စတင်ရိုက်နှက်ခဲ့ပြီး အပြစ်မရှိကြောင်း ပြန်လည်ချေပချိန် ကလန်ကဆန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါက်ခြေချင်းခတ်ကာ ဝါးဆစ်တုတ်၊ သံတုတ်၊ ကျဉ်စက်တွေနဲ့ ရိုက်နှက် နှိပ်စက်ခဲ့ကြတယ်လို့  သိရပါတယ်။

“ကိုထက်ရန်နိုင် မသေဆုံးခင်မှာလည်း သူ့ကို ဝိုင်းဝန်းရိုက်နှက်တဲ့ဒဏ်ကနေ မခံနိုင်တဲ့အဆုံးမှာ အော်ဟစ် အကူညီတောင်းခံခဲ့ပါတယ်။ ပညာတတ်ပါတယ်ဆိုတဲ့ ဆေးထိုးအပ်ကိုင်တဲ့သူတွေကပါ လူသတ်မှုတွေ ကျူးလွန်လာတာ တွေ့ရပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ အကြိုက်ကိုလိုက်ပြီးတော့ ဆေးမှတ်တမ်းမှာ နှလုံးရောဂါနဲ့ ဆုံးတယ်လို့ ပြောထားတယ်။” လို့ PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲ၊ ပေါက်ပြဲဒဏ်ရာတွေ ရခဲ့တဲ့အပြင် သတိလွတ်နေတဲ့ ကိုထက်ရန်နိုင်ကို မနက် ၁၀ နာရီမှာတော့ အကျဉ်းထောင်ဆေးရုံမှာ ဆေးဝါးအနည်းငယ် ကုသပေးပြီးနောက် ဆေးရုံဝန်းထဲက အရူးတိုက်မှာ ပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ကိုထက်ရန်နိုင်ဟာ ဒဏ်ရာတွေကြောင့် ဆေးကုသမှု အရေးပေါ်လိုအပ်နေပေမယ့် ချက်ချင်း ဆေးကုသမှု မပေးဘဲ ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီမှသာ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဇွန် ၂၁ ရက်မှာတော့ ဆေးကုသမှု နောက်ကျတာကြောင့် အဆိုပါဆေးရုံမှာပဲ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုထက်ရန်နိုင်ဟာ စစ်ကိုင်းဒေသခံတဦးဖြစ်ပြီး ပုဒ်မ ၅၂(က)နဲ့ တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

လူသေဆုံးတဲ့ထိ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းရိုက်နှက်မှုတွေကို ထောင်ပိုင်လေး ဦးဇော်ထွန်းရဲ့ ခွင့်ပြုချက်နဲ့ တပ်ကြပ် ဇေယျာအောင်၊ တပ်သား မြတ်မင်းသူ၊ တပ်သား မိုးမင်းထက် ၊ အကျဥ်းသား ဖိုးကေနဲ့ အခြားအကျဉ်းထောင်ဝန်ထမ်းတွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PPNM က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူ ၈၀ ကျော် ရိုက်နှက်ခံရပြီး ၅ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ဇွန် ၂၅ ရက်အထိ နိုင်ငံတဝှမ်း ဖမ်းဆီးခံခဲ့ရသူဦးရေ ၂၆,၉၁၂ ဦးရှိပြီး ဒီထဲမှာ ၉,၂၂၇ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #အိုးဘိုအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ကိုထက်ရန်နိုင် #အကျဉ်းဦးစီး #PPNM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10