အုတ်တွင်းက အဓမ္မပြုနှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေးငယ် သေဆုံး

အုတ်တွင်းက အဓမ္မပြုနှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေးငယ် သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာတရွာမှာ မွေးစားမိဘတွေရဲ့ အဓမ္မပြုကျင့်နှိပ်စက်တာကိုခံခဲ့ရတဲ့ ၅ နှစ်အရွယ်မိန်းကလေးငယ် သေဆုံးသွားပြီလို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မနက် ၆ နာရီကျော်ခန့်မှာ တောင်ငူဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းကနေ သေဆုံးသွားတာလို့ ဆိုပါတယ်။

"ကလေးက ဝမ်းမသွားဘူး။ ဆီးမသွားလို့ဖောလာတာကြောင့် နောက်တကြိမ်ဆေးရုံထပ်တက်ရတာ။ တပတ်လောက်ရှိပြီ။ မနေ့ကထိ သက်သာနေပြီ။ အဖောတွေလည်းပျောက်ပြီး ဝမ်းတွေဆီးတွေလည်းပြန်သွားနေတာ။ အခုမနက်ကျမှ ရုတ်တရက်တက်ပြီး အသက်ရှုမမှန်ရာကနေ အမောဖောက်ပြီး သတိပြန် မလည်ရာကနေ အသက်ပါ ပါသွားတာ"လို့ ကလေးငယ်ရဲ့ကိစ္စကို လိုက်ပါကူညီပေးနေသူ တဦးက ပြောပါတယ်။

ကလေးငယ်သေဆုံးတာနဲ့ပတ်သက်ပြီး ဘာကြောင့်သေဆုံးတယ်ဆိုတာသိရဖို့ ဆရာဝန်ဆေး စစ်ချက်ကိုစောင့်နေရပြီး လက်ရှိအချိန်ထိတော့မရသေးဘူးလို့ဆိုပါတယ်။

ယခုလို ကလေးငယ်သေဆုံးသွားတာဟာ ယခင်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံထားရတဲ့ ဒဏ်ရာတွေကနေရထားတဲ့ ကိုယ်တွင်းပိုင်းကလီစာတွေမကောင်းတာကြောင့် သေဆုံးရတာဖြစ်နိုင်တယ်လို့ အထက်ပါကူညီပေးနေသူက ခန့်မှန်းပြောဆိုပါတယ်။

ကလေးငယ်ရဲ့ နာရေးကိုတော့ ဒီနေ့လယ် ၁ နာရီမှာ တောင်ငူမြို့က ခရစ်ယာန်သုဿန်မှာ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးငယ်ဟာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ဩဂုတ်လလောက်ကစပြီး သေဆုံးတဲ့အချိန်ထိ တောင်ငူဆေးရုံမှာ ၄ ကြိမ်တက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုသေဆုံးသွားတဲ့ကလေးငယ်ကို တရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူမပိုပိုချစ်တို့က ၂၀၂၃ ခုနှစ်ကတည်းကမွေးစားထားခဲ့ပြီးနောက် ယခုနှစ်ဩဂုတ်လ နောက်ဆုံးအပတ်လောက်အတွင်းမှာ မွေးစားဖခင် ဦးတင်ဇော်ဝင်းက ကလေးငယ်ကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားကာ အဓမ္မပြုကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာပါ။

စက်တင်ဘာလပထမပတ်အတွင်းမှာ မွေးစားမိဘတွေက အဆိုပါမိန်းကလေးငယ်ကို တောင်ငူမြို့ ဆေးရုံမှာ ၃ ရက်ကြာဆေးကုပေးပြီး ကျေးရွာကိုပြန်လည်ရောက်ရှိချိန် အဖိုးအရင်းဖြစ်သူက ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေကိုတွေ့ရှိခဲ့ရတာကြောင့် ပြန်လည်ခေါ်ယူခဲ့ပြီး မေးမြန်းခဲ့ရာအဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံထားရမှုတွေကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကလေးငယ် ညှင်းပန်းနှိပ်စက်ခံရပြီး အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စတွေအပေါ် လက်မခံနိုင်တဲ့ ဒေသခံတွေရဲ့ကူညီပေးမှုတွေနဲ့ အုတ်တွင်းမြို့မရဲစခန်းမှာ အမှုဖွင့်နိုင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှာ ရဲအဖွဲ့တွေက ကလေးငယ်နှိပ်စက်မှုမှာပါဝင်တဲ့ အမျိုးသမီးဖြစ်သူ မပိုပိုချစ်ကို သူနေထိုင်ရာကျေးရွာကနေ သွားရောက်ဖမ်းဆီးခဲ့ကာ အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်းကိုတော့ စက်တင်ဘာ ၂၅ ရက်ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီနောက် စက်တင်ဘာ ၂၈ ရက်မှာ အမျိုးသားဖြစ်သူကို မုဒိန်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၄/ ၁၁၄၊ အမျိုးသမီးဖြစ်သူကိုတော့ ပုဒ်မ ၃၂၄/ ၁၁၄ နဲ့ ရဲက အမှုဖွင့်ထားခဲ့တာလို့ ကလေးငယ်ရဲ့ကိစ္စကို လိုက်ပါကူညီပေးနေသူတဦးက ပြောပါတယ်။

အမှုဖွင့်ဖမ်းဆီးခံထားရသူတွေကိုတော့ ယနေ့အချိန်ထိ တောင်ငူထောင်မှာ ချုပ်နှောင်ထားပြီး တောင်ငူခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #မိန်းကလေးငယ် #အဓမ္မပြုကျင့် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10