အုတ်တွင်းက ၅ နှစ်အရွယ်မိန်းကလေးငယ်ကို နှိပ်စက်ခဲ့သူထဲက အမျိုးသမီးဖြစ်သူကို ထပ်မံဖမ်းဆီး     ■ လင်မယားနှစ်ဦးစလုံးကို ရဲစခန်းမှာ ချုပ်ရက်ရမန်ယူထား

အုတ်တွင်းက ၅ နှစ်အရွယ်မိန်းကလေးငယ်ကို နှိပ်စက်ခဲ့သူထဲက အမျိုးသမီးဖြစ်သူကို ထပ်မံဖမ်းဆီး  ■ လင်မယားနှစ်ဦးစလုံးကို ရဲစခန်းမှာ ချုပ်ရက်ရမန်ယူထား

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာတရွာမှာ ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနှိပ်စက်တဲ့ လင်မယားနှစ်ဦးစလုံးကို ရဲကဖမ်းဆီးထားလိုက်ပြီလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ရဲအဖွဲ့တွေက ကလေးငယ်နှိပ်စက်မှုမှာပါဝင်တဲ့ အမျိုးသမီးဖြစ်သူ မပိုပိုချစ်ကို သူနေထိုင်ရာကျေးရွာကနေ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်းကိုတော့ စက်တင်ဘာ ၂၅ ရက်ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ လင်မယားနှစ်ယောက်စလုံးကို အုတ်တွင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး ချုပ်ရက်ရမန်ယူထားတယ်လို့ ဆိုပါတယ်။

"မနေ့က ရဲက သူမိန်းမကိုသွားဖမ်းတယ်။ ညနေပိုင်းလောက် စခန်းရောက်လာတယ်လို့ သိထားရတယ်။ နောက်ဆက်တွဲအခြေနေတွေကတော့ ရဲစခန်းထပ်မရောက်သေးလို့ အခြေနေအသေးစိတ် ထပ်မသိရသေးဘူး"လို့ မိသားစုဝင်တွေနဲ့နီးစပ်သူက ပြောပါတယ်။

ကလေးငယ်အတွက် တရားမျှတမှုရဖို့ တရားရေးပိုင်းနားလည်တဲ့ရှေ့နေတွေကိုလည်း ငှားရမ်းထားကာ ဥပဒေအတိုင်းသွားနိုင်အောင် လုပ်ဆောင်နေပြီး စက်တင်ဘာ ၂၇ ရက် ဒီမနက်ပိုင်းအထိတော့ ပုဒ်မတပ်ပြီး အမှုဖွင့်နိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

ကလေးရဲ့မိသားစုဘက်ကတော့ ဦးတင်ဇော်ဝင်းတို့ လင်မယားနှစ်ဦးစလုံးကို အရေးယူပေးဖို့ အုတ်တွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ဘယ်လို ပုဒ်မတပ်ပြီး အရေးယူမလဲဆိုတာကိုတော့ ကလေးနဲ့ပတ်သက်တဲ့ တရားဝင်ဆေးစစ်ချက်ရမှသိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် အုတ်တွင်းတရားရုံးက ညွှန်ကြားချက်စာကိုစောင့်နေပြီး စာရတာနဲ့ တောင်ငူဆေးရုံကနေ စစ်ဆေးချက်ရရှိဖို့ ပြင်နေကာ စက်တင်ဘာ ၂၇ ရက် ဒီကနေ့အထိ ညွှန်ကြားချက်စာမရရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

အဆိုပါမိန်းကလေးငယ်ကို တရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူ မပိုပိုချစ်တို့က ၂၀၂၃ ခုနှစ်ကတည်းက မွေးစားထားခဲ့ပြီးနောက် ယခုနှစ်ဩဂုတ်လ နောက်ဆုံးအပတ်လောက်အတွင်းမှာ မွေးစားဖခင် ဦးတင်ဇော်ဝင်းက ကလေးငယ်ကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားပြီး အဓမ္မပြုကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ 

စက်တင်ဘာလပထမပတ်အတွင်းမှာ မွေးစားမိဘတွေက အဆိုပါမိန်းကလေးငယ်ကို တောင်ငူမြို့ ဆေးရုံမှာ ၃ ရက်ကြာဆေးကုပေးပြီး  ကျေးရွာကိုပြန်လည်ရောက်ရှိချိန် အဖိုးအရင်းဖြစ်သူက ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကိုတွေ့ရှိခဲ့ရတာကြောင့် ပြန်လည်ခေါ်ယူခဲ့ပြီး မေးမြန်းခဲ့ရာအဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံထားရမှုတွေကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#အုတ်တွင်း #ကလေးသူငယ် #ညှင်းပန်းနှိပ်စက်မှု #ကျူးလွန်သူ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10