အုတ်တွင်းနယ်က ရေဘေးရှောင်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ဆေးရုံတင်ထားရ

အုတ်တွင်းနယ်က ရေဘေးရှောင်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ဆေးရုံတင်ထားရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးရွာက ရေဘေးရှောင်တချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာဘုန်းကြီးကျောင်းအတွင်း ရေဘေးရှောင်နေကြသူတွေအနက် အသက် ၁၂ အရွယ်ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၁၈ ဦးမှာ စက်တင်ဘာ ၁၈ ရက်ကတည်းက ရောဂါလက္ခဏာတွေဖြစ်နေကာ မသက်သာ တဲ့အတွက် စက်တင်ဘာ ၂၀ ရက် ည ၈ နာရီလောက်မှာတော့ ကျေးရွာဆေးခန်းနဲ့ တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

"ဝမ်းပျက်နေကြတာက လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ဖြစ်နေကြတာ။ ဖြစ်ချင်နေကြတာပေါ့။ ညကကျတော့  ဖြစ်နေတဲ့ သူတွေကမသက်သာလို့ ဆေးရုံတင်တဲ့အခြေနေထိ ဖြစ်လာတာပါ။ စုစုပေါင်း ၁၈ ဦးဖြစ်တာပါ"လို့ ဒေသခံတဦးကပြောပါတယ်။ 

အခုလိုဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ လှူဒါန်းထားတဲ့ ရက်ရှည်အစားအသောက်တွေကိုစားမိတာကြောင့် ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

သောက်သုံးရေနဲ့ပတ်သက်ပြီး အလှူရှင်တွေလှူဒါန်းပေးတဲ့ ရေသန့်၊ ဘုန်းကြီးကျောင်းအတွင်းရှိ ရေသန့်စက်တွေကနေ ရေရနေတာကြောင့် ရေကြောင့်ဖြစ်နိုင်မှုနည်းပါးနိုင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၈ ဦးအနက် ၅ ဦးကိုတော့ ကျေးလက်ကျန်းမာရေးဌာန၊ ၇ ဦးကတော့ တောင်ငူဆေးရုံနဲ့ ကျန် ၆ ဦးကတော့ သူတို့နေအိမ်တွေကိုပြန်ပြီး ကုသနေတယ်လို့ သိရပါတယ်။ 

ဝမ်းပျက်ဝမ်းလျှောဖြစ်သူတွေထဲမှာ အသက် ၁၂ အရွယ် ၁ ဦး၊ အသက် ၁၅ နှစ်မှ ၂၀ ကြား ၁၆ ဦးနဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးတို့ ပါဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ဝါးတီးကျေးရွာဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်စခန်းမှာ ဝါးတီးကျေးရွာက ရေဘေးရှောင်နေသူ ၂၉၀ ကျော်ရှိနေပြီး ကျန်သူတွေကတော့ ဝမ်းပျက်ဝမ်းလျှော မဖြစ်ကြဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

စက်တင်ဘာ ၁၂ ရက်ကစပြီး စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် ကျေးရွာအတွင်းမှာ ရေအမြင့်ပေ ၇ ပေခန့်ထိမြင့်တက်လာခဲ့ရာ စက်တင်ဘာ ၂၁ ရက်မှာ ကျေးရွာထဲရေ ၃ ပေကျော်လောက်ကျန်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်ညကလည်း အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာက ရေဘေးရှောင်စခန်းမှာ လူဦးရေ ၁၀၀ ခန့် အစာအဆိပ်သင့်ဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက် ဒီနေ့မှာတော့ ရောဂါသက်သာတဲ့အတွက် ဆေးရုံပြန်ဆင်းနေကြပြီလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ရေဘေးရှောင် #ဝမ်းပျက်ဝမ်းလျော

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10