အုတ်တွင်းနယ်အတွင်းမှာ ကား ၁ စီးမြောင်းထဲကျပြီး ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

အုတ်တွင်းနယ်အတွင်းမှာ ကား ၁ စီးမြောင်းထဲကျပြီး ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကား ၁ စီး မြောင်းထဲထိုးကျပြီး ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီလောက်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းလာတဲ့ လင်ခရူဆာ အဖြူရောင်ကားဟာ အမြန်လမ်း မိုင်တိုင် ၁၂၅/၃ နဲ့၁၂၅/ ၅ ကြားအရောက်မှာ မြောင်းထဲကို ထိုးကျသွားတယ်လို့ ဆိုပါတယ်။

"ကားရဲ့ညာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျသွားတာ။ ကားပေါ်မှာက လူ ၁၀ ဦးပါတယ်။ ၂ ယောက်ကတော့ သေသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ကားမှာ ပျက်စီးသွားပြီး ကားပေါ်မှာလိုက်ပါလာတဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်လှလှမြင့် နဲ့ ဒေါ်စန်းစန်းမြင့်တို့ သေဆုံးခဲ့တာဖြစ်ပြီး သူတို့ဟာ ကရင်ပြည်နယ်ကဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဥ်မောင်း ညီပြည်စုံအပါအဝင် မဖူးပွင့်ဇော်၊ မသူသူစံ၊ မောင်ကြယ်စင်ဟိန်းထက်ဦးတို့လည်း ဒဏ်ရာရခဲ့ကာ သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက တောင်ငူဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိူင် ၁ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီး ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၂၀/၇ နားမှာ ကားနောက်ဘီးပွင့်ပြီး ယာဥ်တိုက်မှုဖြစ်ကာ သားအဖ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ရန်ကုန်မန္တလေး #အမြန်လမ်း #ယာဥ်မတော်တဆမှု #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10