အုတ်တွင်းမြို့လယ်ခေါင် ဓါးပြမှုမှာပါဝင်သူ ၃ ဦး KTV မှာ ဖမ်းမိ၊ ၁ ဦး လွတ်မြောက်နေ

အုတ်တွင်းမြို့လယ်ခေါင် ဓါးပြမှုမှာပါဝင်သူ ၃ ဦး KTV မှာ ဖမ်းမိ၊ ၁ ဦး လွတ်မြောက်နေ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း ၁ ရပ်ကွက် ဓားပြတိုက်မှုမှာ ပါဝင်သူ ၄ ဦးအနက် ၃ ဦးကိုဖမ်းမိပြီး ၁ ဦးကတော့ လွတ်မြောက်နေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၂ ရက် ည ၁၁ နာရီလောက်မှာ ကြက်သွန်းခင်း ၁ ရပ်ကွက်နေ ဦးကျော်ဇင်ဦးပိုင်တဲ့ “ငုဝါ” လယ်ယာသုံးစက်ကိရိယာရောင်းဝယ်ရေး အိမ်ဆိုင်ကို လက်နက်ကိုင် အမျိုးသား ၄ ဦးက ဝင်ရောက်ဓားပြတိုက်ပြီး ရွှေ ၂၀ ကျပ်သားကို ယူသွားတာလို့ ဆိုပါတယ်။

"အိမ်မှာ လင်မယား နှစ်ယောက်တည်းရှိတဲ့အချိန် ဓားပြတွေကဝင်လာပြီး မိန်းမကို လက်ပြန်ကြိုးတုပ်ပြီး အမျိုးသားကို လည်ပင်းဓားထောက်ပြီး လုသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာတော့ အဲ့ဒီအမျိုးသား ၄ ဦးအနက် ၃ ဦးကို ရဲတပ်ဖွဲ့က တောင်ငူဘက်က KTV တခုမှာ ပြန်ဖမ်းမိထားပြီး သူတို့တွေဆီကနေ ရွှေ ၁၇ ကျပ်သားကို ပြန်ရထားကာ ကျန် ၁ ဦးကတော့ ရွှေ ၃ ကျပ်သားနဲ့အတူ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

ဓားပြမှုကျူးလွန်သူတွေဟာ ကြက်သွန်ခင်း ၁ ရပ်ကွက်အနီး ပဲခူးလမ်းရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး ဆိုင်ပိုင်ရှင်အမျိုးသား အသိရဲ့ သားဖြစ်သူတဦး ပါဝင်တယ်လို့ဆိုပါတယ်။

ယခုလို ဓားပြမှုကျူးလွန်တဲ့အထိ ဖြစ်လာရတာဟာ အုတ်တွင်းမြို့နဲ့အနီးတဝိုက်မှာ လောင်းကစားနဲ့မူးယစ်ဆေးဝါးတွေ ပေါများလာတာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

အုတ်တွင်းမြို့နယ်မှာ အခုလိုဓါးပြတိုက်မှုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ဓါးပြမှု #ဖမ်းဆီး #လွတ်မြောက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10