အုတ်တွင်းမှာ ကျောင်းဆရာမ ၂ ဦး ရွှေဆွဲကြိုးလုယက်ခံရစဉ် ဆိုင်ကယ်မှောက်လို့  ၁ ဦးသေဆုံး

အုတ်တွင်းမှာ ကျောင်းဆရာမ ၂ ဦး ရွှေဆွဲကြိုးလုယက်ခံရစဉ် ဆိုင်ကယ်မှောက်လို့ ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာထိပ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောင်းဆရာမ ၂ ဦး ရွှေဆွဲကြိုးလုယက်ခံရမှုဖြစ်ပွားရာက ဆိုင်ကယ်တိမ်းမှောက်တာကြောင့်  ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မေလ ၂၆ ရက် မနေ့ နေ့လည် ၂ နာရီခန့်မှာ အင်တိုင်းကျေးရွာနေ အသက် ၄၀ နှစ်ဝန်းကျင် အလယ်တန်းပြဆရာမတွေဖြစ်တဲ့ မဝတ်ရည်ဝင်းနဲ့ မဝေဟင်ဝင်းတို့ဟာ တောင်ငူမြို့ကနေ အင်တိုင်းရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက အနောက်မှလိုက်ပါလာပြီး မဝေဟင်ဝင်း ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကိုလုယက်ခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"တောင်ငူကနေ ကလေးကျောင်းသုံးပစ္စည်းတွေဝယ်ပြီးပြန်လာတာလို့သိရတယ်။ ဆရာမ ဝတ်ရည်ဝင်းက ရှေ့ကမောင်းပြီး ဆရာမ မဝေဟင်ဝင်းကနောက်ကနေထိုင်စီးတာ။ လုတဲ့သူတွေက သူတို့ဆိုင်ကယ်နားကပ်လာပြီး နောက်ကဆရာမဆွဲကြိုးကိုဖြတ်လုတာ။ ဆွဲကြိုးလုခံရတော့ အမျိုးသမီးတွေဆိုတော့ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လဲကျသွားတာ"လို့ ပြောပါတယ်။

လုယက်ခံရတာကြောင့် ဆရာမ မဝေဟင်ဝင်းရဲ့ ၁ ကျပ်သားကျော်ခန့်ရှိ ရွှေဆွဲကြိုးဟာ လုယက်သူတွေထံပါသွားခဲ့ပြီး ကျူးလွန်သူတွေဟာ ဘယ်သူ၊ဘယ်ဝါဆိုတာမသိရဘူးလို့ ဆိုပါတယ်။

ဆိုင်ကယ်တိမ်းမှောက်တာကြောင့် မောင်းနှင်တဲ့ ဆရာမဝတ်ရည်ဝင်းမှာ ဦးခေါင်းထိခိုက်မေ့မျော (စိုးရိမ်ရ)ဒဏ်ရာနဲ့ တောင်ငူဆေးရုံကိုပို့ဆောင်စဉ် ဆေးရုံရောက်ရှိချိန်မှာ သေဆုံးသွားခဲ့ပြီး မဝေဟင်ဝင်း မျက်နှာဆုတ်ပြဲဒဏ်ရာတချို့(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့တွေထံကသိရပါတယ်။

အုတ်တွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အခုလိုမကြာခဏလုယက်ခံနေရပြီး လုယက်မှုတွေ မကြာခဏဖြစ်ပေါ်နေရတာဟာ အုတ်တွင်းမြို့နယ်ထဲမှာ လောင်းကစားဝိုင်းတွေကို နေ့ရောညပါ တရားဝင်ခွင့်ပြုပေးထားတာကြောင့် ခိုးဆိုးလုယက်မှုတွေများလာတာလို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အုတ်တွင်းကနေ တောင်ငူဘက်ကို ဆိုင်ကယ်မောင်းနှင်လာတဲ့  လင်မယား ၂ ဦး ဥယျာဥ်တော်၊ ၈၈ သစ်စက်ထိပ်နားမှာ ရွှေဆွဲကြိုးလုယက်ခံရလို့ ဆွဲကြိုးတဝက်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အုတ်တွင်း #လုယက်မှု #ဆိုင်ကယ်တိမ်းမှောက် #ကျောင်းဆရာမ #သေဆုံးမှု #ခိုးဆိုးလုနှိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10