အုတ်တွင်းမှာ ဒရုန်းဗုံးကျလို့ မိန်းကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

အုတ်တွင်းမှာ ဒရုန်းဗုံးကျလို့ မိန်းကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာမှာ ဒရုန်းဗုံးကျရောက် ပေါက်ကွဲလို့ မိန်းကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မျက်နီကွင်းကျေးရွာမှာ ဩဂုတ် ၁၂ ရက်က စတင်ရောက်ရှိနေတာဖြစ်ပြီး ကျေးရွာအတွင်းရှိနေချိန် ဩဂုတ် ၁၄ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ လက်နက်ကိုင်အဖွဲ့တခုက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စကစ အဖွဲ့တွေမှာ Jammerတွေ ပါလာတယ်။ အဲ့ဒါကြောင့် ဒရုန်းဗုံးသီးတွေက စကစဘက်ကို မကျဘဲ ရွာအစွန်နားဘက်ကျပြီး ရွာက မိန်းကလေးငယ် ၁ ဦးနဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရသွားတယ်။"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒရုန်းဗုံးထိလို့ မထက်ထက်မြတ် ၁၄ နှစ်မှာ  မျက်လုံး၊ ခြေသလုံးနဲ့ ဆီးခုံ​တွေမှာ ထိခိုက်ကာ စိုးရိမ်ရဒဏ်ရာရခဲ့ပြီး ဒေါ်ခင်မျိုးသန့် ၃၅ နှစ်မှာ ညာဘက်လက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မျက်နီကွင်းကျေးရွာနဲ့ ကျူအင်းကုန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မ​ကြာခဏ တပ်လာစွဲပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတတ်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၂ ရက်က အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာကို ရောက်ရှိတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ်၊ ငါးဆီလှောင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ အသက် ၅၉ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရမှု #အရပ်သား #ထိခိုက်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10