အုတ်တွင်းမှာ ဗိုလ်မှူးမြင့်ဇော်နဲ့အဖွဲ့က လမ်းသွားလမ်းလာတွေကိုဖမ်းဆီးကာ ငွေညှစ်တာနဲ့ စစ်မှုထမ်းခိုင်းတာတွေလုပ်နေလို့ လူငယ်တွေအပြင်မထွက်ရဲဖြစ်နေ

အုတ်တွင်းမှာ ဗိုလ်မှူးမြင့်ဇော်နဲ့အဖွဲ့က လမ်းသွားလမ်းလာတွေကိုဖမ်းဆီးကာ ငွေညှစ်တာနဲ့ စစ်မှုထမ်းခိုင်းတာတွေလုပ်နေလို့ လူငယ်တွေအပြင်မထွက်ရဲဖြစ်နေ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့မှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော်နဲ့အဖွဲ့က မြို့ပေါ်မှာသွားလာနေတဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးကာ ခြိမ်းခြောက်ငွေညှစ်တာနဲ့ စစ်မှုထမ်းဖို့ပို့ဆောင်တာတွေ လုပ်ဆောင်နေလို့ လူငယ်တွေ အပြင်မထွက်ရဲဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အုတ်တွင်းမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးမြင့်ဇော်နဲ့  ဦးတင်ယု၊ ကျွဲပွဲရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်လွင် ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က လမ်းသွားလမ်းလာ ဆိုင်ကယ်စီးလူငယ်တွေကိုဖမ်းစီးတာ၊ လုပ်ငန်းခွင်သွားလာနေတဲ့ လူငယ်တွေနဲ့ ညပိုင်းသွားလာတဲ့လူငယ်တွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

“ ဆိုင်ကယ်စစ်ရင်း ဖမ်းတာမျိုးရှိသလို သူတို့အဖွဲ့သွားလာနေရင်းနဲ့ ဘေးပတ်ဝန်းကျင် လူရှင်းတဲ့အခါမျိုးဆို ဖမ်းခေါ်သွားတယ်။ ပြန်ပေးဆွဲသလိုမျိုးကို ဖမ်းနေတာ” လို့ အုတ်တွင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီးတဲ့နောက် ဖမ်းဆီးထားသူတွေကို စစ်မှုထမ်းဥပဒေနဲ့ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀ ကနေ သိန်း ၅၀ ခန့်အထိတောင်းရမ်းပြီး ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ပို့ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

" ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ ဘယ်လောက်ဆိုးလဲဆို လူငယ်တယောက်ဖမ်းဆီးခံရပြီး ငွေတောင်းခံရတယ်။ အမေလုပ်သူက သူ့သားကိုပြန်ရွေးနိုင်ဖို့  ပိုက်ဆံမပြည့်လို့ သူမိဘအမွေ နားတောင်းလေးကိုရောင်းပြီး ရွေးခဲ့ရတယ်။ အဲလောက်ထိ ဆိုးတာ"လို့ အထက်ပါဒေသခံက ပြောပါတယ်။

အဆိုပါစစ်ကောင်စီအဖွဲ့က လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်နေလို့ ကျေးရွာစဥ်လှည့်စျေးရောင်းသူ၊ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်နေသူတွေနဲ့ ကိစ္စကြီးငယ်ကြောင့် မြို့ပေါ်ကို သွားရောက်ရမယ့်သူတွေဟာ လမ်းပေါ်မထွက်ရဲတဲ့အထိဖြစ်နေပြီး ည ၈ နာရီမတိုင်ခင်မှာပင် အုတ်တွင်းမြို့ပေါ်မှာ လူသွားလူလာမရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးမြင့်ဇော်နဲ့အဖွဲ့ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေရဲ့ သား၊ သမီးမိသားစုတွေကိုပါ ဖမ်းဆီးပြီး ငွေညှစ်လေ့ရှိကြောင်း သတင်းကြီးနေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင် ၁၂ ရက်မှာ လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်တဲ့ပစ္စည်းသွားဝယ်တဲ့ ပဲကြီးခုန်ကျေးရွာက လူငယ် ၂ ဦး၊ အုန်းပင်ကျေးရွာ ရာအိမ်မှူးသား အပါအဝင် လူငယ် ၂ ဦးကို ဖမ်းဆီးငွေတောင်းထားကြောင်းနဲ့ ငွေမပေးနိုင်က စစ်မှုထမ်းသင်တန်းသွားရမယ့် အခြေနေကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးမြင့်ဇော်ဟာ အုတ်တွင်းအခြေစိုက် အမှတ် ၆ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၆) ကဖြစ်ပြီး အဆိုပါတပ်ဟာ ပဲခူးအရှေ့ခြမ်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းဖို့စုဆောင်းထားသူတွေကို စစ်သင်တန်းပေးလေ့ကျင့်နေတဲ့ သင်တန်းကျောင်းလည်း ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းခေါ်ယူရာမှာ ကာယကံရှင်ဆန္ဒမပါဘဲ စာရင်းသွင်းတာ၊ ခေါ်ယူတာ၊ အစားထိုးပေးပို့တာမရှိစေဖို့ အဆင့်ဆင့်စိစစ်ကြပ်မတ်ရေး စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဇူလိုင် ၁၂ ရက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအစည်းအဝေးမှာ ပြောကြားထားပေမယ့် အောက်ခြေမှာတော့ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုတွေက မြို့နယ်တိုင်းမှာဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

" ရွာတွေဘက်မှာဆို ညဘက်တွေဝင်ဆွဲတာ များတယ်။ ၀င်ဆွဲတာကလည်း ယူနီဖောင်းမပါ လက်နက်တွေနဲ့ ဓားပြလားမသိ၊ သူပုန်လားမသိ။  ရပ်ကွက်ဥက္ကဌလည်းမပါ။ ချောဆွဲတာက မနက်လည်းဆွဲ၊ နေ့လယ်လည်းဆွဲနဲ့ လုပ်ချင်တာလုပ် ဆွဲချင်သလိုဆွဲ အချိန်ခါလည်း မသတ်မှတ်ထားဘူး။ ပြည်သူတွေအေးချမ်းစွာ လုပ်မစားရတော့ဘူး။ ဆွဲသွားလို့ အသက်ကြီးနေရင် ပိုက်ဆံတောင်းပြီးပြန်လွှတ်တာတောင် ပြန်ပေးသမားလိုပဲ လမ်းမှာချခဲ့တာ"လို့ အုတ်တွင်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အုတ်တွင်း #စစ်ကောင်စီအဖွဲ့ဝင် #ဗိုလ်မှူးမြင့်ဇော် #ခြိမ်းခြောက်ငွေတောင်း #တတက၆ #သင်တန်း ကျောင်း #စစ်မှုထမ်းဥပဒေ #သတင်းတို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10