အုတ်တွင်းမှာ ၅ နှစ်အရွယ်မိန်းကလေးငယ်ကို မွေးစားမိဘတွေက နည်းပေါင်းစုံနဲ့နှိပ်စက်ထားတဲ့အပြင် အဓမ္မပြုကျင့်ဟုဆို

အုတ်တွင်းမှာ ၅ နှစ်အရွယ်မိန်းကလေးငယ်ကို မွေးစားမိဘတွေက နည်းပေါင်းစုံနဲ့နှိပ်စက်ထားတဲ့အပြင် အဓမ္မပြုကျင့်ဟုဆို

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာတရွာမှာ ၅ နှစ်အရွယ် မိန်းကလေးငယ်ကို မွေးစားမိဘတွေက နည်းပေါင်းစုံနဲ့နှိပ်စက်ထားတဲ့အပြင် မွေးစားဖခင်က အဓမ္မပြုကျင့်ခဲ့တာကြောင့် တရားမျှတမှုလိုအပ်နေတယ်လို့ နစ်နာသူမိန်းကလေးငယ်မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

မိန်းကလေးငယ်ကို တရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူ မပိုပိုချစ်တို့က မွေးစားထားတာဖြစ်ပြီး စက်တင်ဘာလ ပထမပတ်အတွင်းမှာ အဆိုပါမိန်းကလေးငယ်ဟာ တောင်ငူမြို့ဆေးရုံမှာ ၃ ရက်ကြာ တက်ရောက်ခဲ့ရပြီးနောက် ကျေးရွာကိုပြန်လည်ရောက်ရှိချိန် အဖိုးဖြစ်သူက ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကိုတွေ့ရှိခဲ့ရတာကြောင့် ပြန်လည်ခေါ်ယူခဲ့ပြီးမေးမြန်းခဲ့ရာ အထက်ပါအဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံထားရမှုတွေကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။

၅ နှစ် မိန်းကလေးငယ်မှာ မွေးစားအဖေနဲ့အမေဖြစ်သူက နှိပ်စက်ထားတာတွေကြောင့် နှာခေါင်းရိုးကျိုး၊ အပေါ်ရှေ့သွား အံကပ်တခုလုံးကျွတ်ထွက်၊ အောက်သွားသုံးချောင်းကျိုး၊ သွားဖုံးတွေကွဲကာ နှုတ်ခမ်းနဲ့ တဆက်တည်းကွဲထားပြီး စကားပြောမပီသတာ၊ လည်ပင်းနဲ့နောက်ကျောမှာ ဓားနဲ့လှီးခံရတဲ့ ဒဏ်ရာ ၂၉ ချက်၊ လက်ချောင်းတွေမှာ မီးရှို့ခံထားရတဲ့ဒဏ်ရာနဲ့ မျက်နှာဓားခုတ်ခံထားရတဲ့ဒဏ်ရာတွေ ရရှိထားတာပါ။

မိန်းကလေးငယ်ရဲ့ ပြောဆိုချက်အရ ရရှိဒဏ်ရာတွေဟာ မွေးစားအမေဖြစ်သူ မပိုပိုချစ်က ဟင်းခိုးစားတယ်ဆိုကာ ကလေးငယ်ရဲ့မျက်ခွံနဲ့ခေါင်းကို ဓားနဲ့ခုတ်၊ လက်ကိုမီးနဲ့ရှို့၊ လည်ပင်းအနောက်ဘက်နဲ့ ကျောကုန်းတွေမှာ ဘရိတ်ဓားနဲ့ ၂၉ ချက်တိတိလှီးတာတွေ လုပ်ဆောင်ခဲ့ပြီး အဲ့ဒီနောက် မွေးစားအဖေဖြစ်သူ တင်ဇော်ဝင်းက နှာခေါင်းနဲ့ ပါးစပ်ကိုလက်သီးနဲ့ထိုးတာ၊ ရေနွေးပူနဲ့ပါးစပ်ထဲကို လောင်းထည့်တာ၊ မျက်နှာကိုဓားနဲ့ခုတ်တာ စတာတွေထပ်မံလုပ်ဆောင်ကာ အသီးသီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်မှာ ဒဏ်ရာတွေရှိနေခဲ့တာကြောင့် ဆက်လက်မေးမြန်းရာ ဩဂုတ်လ နောက်ဆုံးအပတ်လောက်အတွင်းမှာ မွေးစားအဖေ တင်ဇော်ဝင်းက ၎င်းကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။

“ အုပ်ချုပ်ရေးမှူး ဦးမင်းလွင်က နစ်နာသူကလေးငယ်ရဲ့မိသားစုဝင်တွေကို မင်းတို့ကတနေ့လုပ်မှ တနေ့စားရတာ။ တရားရုံးကိုဆယ့်လေးငါးခါ အကြိမ်နှစ်ဆယ်ထက်မနည်း သွားရမှာ။ ကားခဆို တသိန်းခွဲလောက်ကုန်မှာ။ ဆိုင်ကယ်ငှားရင် ၇ သောင်းလောက်ကုန်မှာ။ မင်းတို့ ကုန်ခံနိုင်လို့လား။ ငါက ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုကိုပပျောက်အောင်လုပ်ပေးနေတာ "ဆိုပြီး ပြောဆိုဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။

အထက်ပါ နှိပ်စက်ဒဏ်ရာတွေ၊ အဓမ္မပြုကျင့်ခံထားရတဲ့ အခြေအနေတွေကြောင့် ကလေးငယ်မှာ ကျန်းမာရေးချို့ယွင်းချက်ရှိလာလို့ ၎င်းကိုမွေးစားတဲ့မိသားစုက စက်တင်ဘာပထမအပတ်မှာ တောင်ငူဆေးရုံကို တင်ပို့ခဲ့တာဖြစ်ပြီး ရရှိဒဏ်ရာတွေအပေါ်  ဆေးရုံဘက်က စစ်ဆေးမှုတွေလုပ်ဆောင်လာမှာ စိုးရိမ်တာကြောင့် ဆေးရုံ ၃ ရက်တင်ပြီးနောက် ဒဏ်ရာမသက်သာခင်မှာပင်  နေအိမ်ကို ပြန်ခေါ်သွားခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက် ယမန်နေ့က မိန်းကလေးငယ်ရဲ့နစ်နာမှုတွေအတွက် မိသားစုဝင်တွေနဲ့ ကူညီသူတွေက  အုတ်တွင်းရဲစခန်းမှာ အမှုဖွင့်ဖို့သွားရောက်ခဲ့ပေမယ့် ရဲဘက်က ညှိနှိုင်းပေးမယ်၊ ရဲစခန်းမှူးမရှိဘူးဆိုကာ အမှုနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မပေးဘူးလို့ ဆိုပါတယ်။

နစ်နာသူမိန်းကလေးငယ်အတွက် အမှုဖွင့်တိုင်တန်းလိုပေမယ့် ကျေးရွာဥက္ကဌဖြစ်သူနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ငွေကြေးနဲ့ညှိနှိုင်းဖြေရှင်းဖို့သာ ဖိအားပေးပြောဆိုနေကာ နစ်နာကြေးအဖြစ် ငွေကျပ်လေးသိန်းကို နှစ်ရစ်ခွဲပေးမယ်ဆိုပြီး ကြေအေးကြောင်းလက်မှတ်ကို ဖိအားပေးထိုးခိုင်းနေတယ်လို့  မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ကလေးဖြစ်တာကို ကျေးရွာဥက္ကဌကိုပြောတော့ သူဖြေရှင်းပုံက မကျေနပ်နိုင်ဘူး။ တောင်ပေါ်ဒေသက ကလေးသူငယ်တွေ များပါတယ်။ ခုဖြစ်တဲ့ကလေးငယ်ကို စံပြနမူနာအနေနဲ့ထားပြီး ဥပဒေအရတရားစွဲပေးဖို့ ဥက္ကဌကို တောင်းဆိုတာ။ သူက လိမ္မာပါးနပ်စွာနဲ့ ဖိအားပေးတယ်။ "လို့ မိသားစုနဲ့နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။

မိန်းကလေးငယ်ရဲ့ဓာတ်ပုံမှတ်တမ်းတွေအရ မျက်နှာအပါအဝင်ခန္ဓာကိုယ်အနှံ့မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာအများအပြားကိုတွေ့ ရှိရပြီး အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာဆေးစစ်ချက်တွေနဲ့အတူ အတည်ပြုနိုင်ရေး မြေလတ်အသံအနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။

လက်ရှိမှာတော့ ကလေးငယ်မှာရရှိထားတဲ့ အတွင်းဒဏ်ရာတွေနဲ့ ပြင်ပဒဏ်ရာတွေက သက်သာတာမရှိသေးဘဲ ဆက်လက်ဆေးကုသနေရကာ လတ်တလောမှာ ကလေးငယ်ရဲ့အဖိုးနဲ့အဖွားမှာ ငွေကြေးချို့တဲ့တာကြောင့် ကလေးငယ်ဆေးကုသဖို့နဲ့ အခြားအကူအညီတွေ အများအပြားလိုအပ်နေတယ်လို့ သိရပါတယ်။

နစ်နာသူ မိန်းကလေးငယ်ရဲ့မိဘအရင်းတွေဟာ ၂၀၂၃ မှာ အိမ်ထောင်ရေးပြိုကွဲပြီးနောက် ဖခင်အရင်းဖြစ်သူက တရွာတည်းနေ ငွေကြေးအဆင်ပြေသူ တင်ဇော်ဝင်းတို့မိသားစုထံ အမွေစားအမွေခံနဲ့ မွေးစားခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အုတ်တွင်း #သက်ငယ်မိန်းကလေး #နှိပ်စက်ခံရ #မွေးစားမိဘ #အဓမ္မပြုကျင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10