အုတ်တွင်းရေကြီးမှုအတွင်း ဒေသခံ ၅ ဦးသေဆုံးပြီး ပျောက်ဆုံးသူတွေလည်းရှိနေ

အုတ်တွင်းရေကြီးမှုအတွင်း ဒေသခံ ၅ ဦးသေဆုံးပြီး ပျောက်ဆုံးသူတွေလည်းရှိနေ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်း ရေကြီးမှုမှာ ဒေသခံ ၅ ဦးသေဆုံးပြီး ပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်ကစပြီး စစ်တောင်းမြစ်ရေတက်လာလို့ မြစ်ကမ်းနားကျေးရွာတွေမှာ ရေကြီးရေလျှံတာ တွေဖြစ်ပေါ်ခဲ့ပြီး ရေစီးနဲ့မျောပါတာ၊ ရေထဲပြုတ်ကျတာတွေကြောင့် ရေနစ်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ 

"ရေစတက်ချိန် ထွက်ကြဖို့ Camp(ကယ်ဆယ်ရေးစခန်း)တွေမှာ ပြောင်းကြဖို့ ပြောကြပေမယ့် မထွက်ကြတာ။ ထွက်တဲ့ရွာတွေက လွတ်တယ်။ မထွက်ဘဲ ပေကပ်နေတဲ့ရွာတွေကျတော့ တကယ်လည်းရေလုံးရင်းနဲ့လာရော ကယ်ဆယ်ရေးမစောင့်ဘဲ ကြောက်လန့်ပြီးထွက်တော့ ကောင်မလေးတယောက်ဆို ဆိုင်ကယ်ရောလူရောမျောတယ်။ အမျိုးသားတွေဆိုလည်း နွားတွေကိုဆယ်ရင်း မျောတာတွေရှိတယ်။"လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေနစ်သေဆုံးသူတွေဟာ သံတိုင်ခင်၊ ခပေါင်းတိုက်၊ ကသစ်တန်း ကျေးရွာတွေက အသက် ၂၂ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၀ ကနေ အသက် ၅၀ ကြား အမျိုးသား ၄ ဦးတို့ဖြစ်ပြီး ၅ ဦးထက်မနည်းပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

ဒီအရေအတွက်ဟာ ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့တွေသိရှိထားတဲ့ စာရင်းသာဖြစ်ပြီး သေဆုံးသူဟာ ဒီထက်ပမာဏများနိုင်တယ်လို့လည်း ဆိုပါတယ်။  

ရေကြီးရေလျှံလို့ အုတ်တွင်းမြို့နယ်ထဲက ဘန့်ဘွေးပင်၊ သာယာကုန်း၊ ခပေါင်းတိုက်၊ သံတိုင်ခင်၊ ကသစ်တန်း၊ အုန်းပင်၊ မအူသာကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၆ ရွာ ရေကြီးနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၇၀၀၀ ဝန်းကျင် ရေဘေးသင့်ခဲ့တယ်လို့ အထက်ပါဒေသခံပရဟိတအဖွဲ့ဝင်က ပြောပါတယ်။ 

ဒါ့အပြင် အုတ်တွင်းမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုဖွင့်ထားပြီး ကျေးရွာအချို့က ကုန်းမြင့်ပိုင်း ဘုန်းကြီးကျောင်းတွေအတွင်းမှာ စုပြီး ရေဘေးရှောင်နေကြတာလည်း ရှိနေပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာ အုတ်တွင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့နေရာတွေမှာ ရေပြန်ကျနေပေမယ့် ရေကျန်နေသေးတာကြောင့် ရေဘေးရှောင်စခန်းတွေမှာ နေထိုင်သူတွေက နေအိမ်မပြန်ကြသေးဘူးလို့လည်း သိရပါတယ်။ 

ဒါ့အပြင် နေအိမ်တွေရေမျောပျက်စီးတာ၊ မိုးစပါးစိုက်ခင်းတွေနဲ့ သီးနှံစိုက်ခင်းပျက်စီးတာတွေရှိပေမယ့် ပျက်စီးဆုံးရှုံးမှုအခြေနေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

စစ်ကောင်စီဘက်ကတော့ စက်တင်ဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ နိုင်ငံအတွင်း မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရေကြီးနစ်မြုပ်တာကြောင့် လူပေါင်း ၂၉၃ ဦးသေဆုံးကာ ၈၉ ဦးပျောက်ဆုံးနေတယ်လို့ ပြောဆိုထားပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ရေကြီး #သေဆုံးသူ #ရေဘေးသင့် #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10