အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့်

အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ရေဘေးရှောင်စခန်းနဲ့ ကျေးရွာထဲကလူတွေဟာ အလှူရှင်တွေလာလှူတဲ့ ဘဲဥဟင်းနဲ့ကြာဆံကြော်စားပြီး လူ ၆၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်ညနေပိုင်းမှာ ဝက်ဖြူကုန်းရေဘေးရှောင်စခန်းကိုလှူတဲ့ ဘဲဥချဥ်ရည်ဟင်းနဲ့ ကြာဆံကြော်တွေကို ကယ်ဆယ်ရေးစခန်းအတွင်းရှိ ရေဘေးရှောင်နေသူတွေနဲ့ ကျေးရွာနေပြည်သူ ၃၀၀ ကျော်လောက်က စားခဲ့ကြပြီးနောက် ည ၉ နာရီမှာ အစားအသောက်တွေစားသုံးထားသူတွေထဲက ကလေးငယ်တွေအများစုအပါအဝင် လူဦးရေ ၆၀ လောက်မှာ မူးဝေအော့အန်တာ၊ နုံးချိတာတွေ ဖြစ်ခဲ့တာပါ။  

လူ ၄၀ လောက်က အဆိပ်သင့်တဲ့ဝေဒနာ ပိုခံစားရပြီး ၂၀ လောက်ကတော့ ဝေဒနာအနည်းငယ် ခံစားရကာ စားမိသူတွေထဲက ဝေဒနာမခံစားရဘဲ ကြောက်လန့်တကြားနဲ့ဆေးရုံကို သွားကြသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"ကလေးတွေက အဖြစ်များတယ်။ အဖြစ်များတာက ၄၀ လောက်။ စားမိထားတဲ့ သူတွေကလည်း ကြောက်ပြီး ဆေးရုံလိုက်တာတွေရှိတယ်။ ဒါကြောင့် စုစုပေါင်း လူဦးရေ ၁၅၀ လောက်ဖြစ်သွားတယ်။ အချို့ကျတော့လည်း ငါတို့ညကြီးထဖြစ်နေရင် ကယ်မယ့်သူမရှိလောက်ဘူးဆိုပြီး လူနာတင်ယာဥ်တွေရှိတုန်း (ဆေးရုံကို) လိုက်မယ်ဆိုပြီးလိုက်ကြတာ"လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။

အစာအဆိပ်သင့်သူတွေကို ဒေသခံပရဟိတတွေက လူနာတင်ယာဥ်တွေနဲ့ ညတွင်းချင်း တောင်ငူ ဆေးရုံကို ပို့ခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

အလှူရှင်တွေဘက်က အစားအသောက်တွေကိုလာလှူချိန် ဖော့ဘူး၊ ကျွတ်ကျွတ်အိတ်တွေနဲ့သာ လာလှူကြသလို လာလှူထားတဲ့ အစားအသောက်တွေကိုလည်း ရရှိထားသူအချို့က ချက်ချင်းမစားဘဲ နေ့ဖို့ညစာထားပြီး စားသောက်တတ်ကြတယ်လို့ သိရပါတယ်။

လက်ရှိအစာအဆိပ်သင်တဲ့အစားအစားက ကြာဆံကြော်ကဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေ ဘက်က သုံးသပ်ထားပြီး လူနာတွေရဲ့ သလိပ်နဲ့အန်ဖတ်တွေကို နမူနာယူကာ ဓာတ်ခွဲစစ်ဆေးနေကြတယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းမှာတော့ အစာအဆိပ်သင့်လူနာအများစုက သက်သာလာပြီး အချို့ကတော့ ဆေးရုံကနေပြန်ဆင်းလာကြပြီလို့ သိရပါတယ်။

ဝက်ဖြူကုန်းရေဘေးရှောင်စခန်းမှာ လူဦးရေ ၄၆၁ ဦး ရေဘေးရှောင်နေကြရပြီး ရေဘေးရှောင်သူ အားလုံးဟာ ဝက်ဖြူကုန်းကျေးရွာကပြည်သူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၇ ရက်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာမှာ အလှူရှင်တွေလာလှူတဲ့ ဒံပေါက်ကိုစားပြီး လူ ၁၀၀ ကျော်အစာအဆိပ်သင့်လို့ ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #အစာအဆိပ်သင့် #ရေဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10