အုတ်ဖို ခမရ ၆ တပ်မှာ တပ်သားက သေနတ်ကျည်ရှင်းစဉ် မှားယွင်းပစ်ခတ်မိလို့  ဗိုလ်ကြီးတဦး ကျည်ထိမှန်သေဆုံး

အုတ်ဖို ခမရ ၆ တပ်မှာ တပ်သားက သေနတ်ကျည်ရှင်းစဉ် မှားယွင်းပစ်ခတ်မိလို့  ဗိုလ်ကြီးတဦး ကျည်ထိမှန်သေဆုံး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် အမှတ် ၆ ခြေမြန်တပ်ရင်း (ခမရ ၆ )တပ်တွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သေနတ်ကျည် ရှင်းလင်းနေချိန် ကျည်ထွက်ပြီး တပ်ခွဲမှူး ဗိုလ်ကြီးကို ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ခမရ ၆ တပ်မှာ တပ်ခွဲမှူးတာ၀န်ယူထားတဲ့ ဗိုလ်ကြီး အောင်မျိုးသူ ဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းအချိန်မှာ တပ်သားတဦးကို သေနတ်ကျည်ရှင်းခိုင်းပြီးနောက် မှားယွင်းပစ်ခတ်မိလို့ တပ်ခွဲမှူးသေဆုံးခဲ့တာဖြစ်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

"တပ်ခွဲမှူးက တပ်သားကိုသေနတ်တွေ ကျည်ရှင်းခိုင်းတာ။ ကျည်ရှင်းပြီးချထားတဲ့ သေနတ်နဲ့ ကျည်ရှိနေတဲ့ သေနတ်မှားပြီးတော့ ကျည်မရှိဘူးအထင်နဲ့ စမ်းသပ်ပစ်တဲ့အချိန်မှာ တပ်ခွဲမှူးကို ပစ်မိသွားတာ။ တပ်ခွဲမှူးရဲ့ လည်ပင်းကိုမှန်တာပါ။ ခုတော့ တပ်သားလည်းအချုပ်ထဲမှာပါ။ စစ်ဆေးနေတုန်းပါ" လို့ ခမရ ၆ နဲ့ နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

ကျည်ထိမှန်ခဲ့တာကြောင့် ဗိုလ်ကြီးအောင်မျိုးသူ ကို ပြည်မြို့ အမှတ် ၆ စစ်ဆေးရုံ(ကုတင် ၁၀၀) ကိုပို့ဆောင်စဉ် လမ်းမှာသေဆုံးသွားတာဖြစ်ပြီး အဆိုပါသတင်းကို တပ်တွင်းမှာ ဖုံးဖိခိုင်းထားကာ မိသားစု၀င်တွေကို နာရေးပြုလုပ်ရာမှာလည်း နာရေးဖိတ်စာမှာ တပ်အမှတ်အသားတွေနဲ့ အဆင့်၊ ရာထူးတွေ မထည့်ခိုင်းဘူးလို့ သိရပါတယ်။

ခမရ ၆ တပ်က ပြည်ခရိုင် သဲကုန်းမြို့နယ် အင်းမအ‌ခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး တပ်မ ၆၆ နဲ့လက်အောက်ခံတပ်တွေ တိုက်ခိုက်ရေးသွား ရောက်နေရတဲ့ကရင်နီပြည်မှာလည်း ဖွဲ့စည်းပုံပျက်နေတဲ့အထိ ထိခိုက်သေဆုံးများပြားနေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ခမရ၆  #မှားယွင်းပစ်ခတ် #စစ်ကောင်စီတပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10