အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရလို့သေဆုံး

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရလို့သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ကျေးရွာလမ်းပေါ်မှာ  စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တယ်ဆိုသူတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို အဖွဲ့က ပြောပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၄၅ နှစ်ဝန်းကျင် ကြို့ကိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဖြစ်ပြီး အောက်တိုဘာလ ၄ ရက် ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ဆိုင်ကယ် နဲ့ ထွက်လာချိန် အနီးကပ် သေနတ်နဲ့ ၈ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"စစ်သင်တန်းတက်ပြီး အိမ်ပြန်ရောက်တာ ၃ ရက်လောက်ပဲရှိသေးတယ်။ သူကိုချောင်းနေတာ ဒီမနက် အခွင့်အရေးရလို့ ရှင်းလိုက်တာ။" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။

အနီးကပ်ပစ်ခတ်ရှင်းလင်းခံရလို့ ဦးဇော်ဝမ်းရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဦးဇော်ဝမ်းဟာ အင်းမမြို့ တပ်မ ၆၆ က တပ်အရာရှိတွေနဲ့ ရင်းနှီးသူတဦးဖြစ်သလို စစ်ကောင်စီဘက်က ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးဖြစ်ကာ ဒေသခံလူငယ်တွေကို ပျူသင်တန်းတက်ဖို့ ဖိအားပေးစည်းရုံးနေသူလည်း ဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေရဲ့သတင်းကို စစ်ကောင်စီထံ ထောက်လှမ်းပေးပို့တာ၊ တော်လှန်ရေးတပ်ဖွဲ့စခန်းတည်နေရာနဲ့ စစ်ကြောင်းထိုးရာမှာ လိုက်ပြတာ၊ စစ်ကောင်စီတပ်ဖွဲနဲ့ပေါင်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးအနိုင်ကျင့်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဦးဇော်ဝမ်းကို ရှင်းလင်းပြီးချိန်မှာ သူ့ဆီက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်လုပ်ထားတဲ့ မိုလ်ဘိုင်းဖုန်း ၂လုံး၊ ငွေသား ၄သိန်း ၂ သောင်း ကျပ်၊ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့  သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို) တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာပါ။

အောက်တိုဘာလ ၂ ရက်နေ့ မနက် ၅ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းကျေးရွာနဲ့ ခမရ ၆ ကြားမှာ စစ်သင်တန်းပေးဖို့သွားတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပျူစောထီး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10