အုပ်ချုပ်ရေးမှူးညီအမ အသတ်ခံရပြီးနောက် မန္တလေးမှာစစ်ဆေးမှုတင်းကျပ်၊ ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတွေ ပိုမိုစစ်ဆေးနေဟုဆို

အုပ်ချုပ်ရေးမှူးညီအမ အသတ်ခံရပြီးနောက် မန္တလေးမှာစစ်ဆေးမှုတင်းကျပ်၊ ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတွေ ပိုမိုစစ်ဆေးနေဟုဆို

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက အုပ်ချုပ်ရေးမှူးအမျိုးသမီးနဲ့ ညီမဖြစ်သူ အသတ်ခံခဲ့ရတာနဲ့ မန္တလေးတက္ကသိုလ်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းနဲ့ မြို့အဝင်အထွက်စစ်ဆေးမှုတွေ တင်းကျပ်နေပြီး လက်ကိုင်ဖုန်းတွေပါ ယူစစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နဲ့ ညီမဖြစ်သူတို့ ဩဂုတ်လ ၆ ရက် ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ အဆိုပါရပ်ကွက်အပိုင် ၈၂ လမ်း ၊ ၁၆ နဲ့ ၁၇ လမ်းကြားမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

"ဆိုင်ကယ်နဲ့လာပစ်သွားတာတဲ့။ နှစ်ယောက်လုံးက စစ်တပ်နဲ့ပတ်သက်တဲ့သူတွေ။ သူ့ညီမဆိုတဲ့ တယောက်ကလည်း စစ်တပ်အရာရှိတွေနဲ့ အပတ်သက်လို့သိရတယ်" လို့ အောင်မြေသာစံမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသွားသူ အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်ရဲ့ အမျိုးသားဖြစ်သူဟာ နေပြည်တော်စစ်ကောင်စီတပ်တခုက တပ်အရာရှိတဦးဖြစ်ကြောင်း မြို့ခံတွေကပြောဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဒီနေ့မနက် ၈နာရီခွဲလောက်မှာလည်း တက္ကသိုလ်အရံတပ်ရဲ့နံဘေးမှာရှိတဲ့ မန္တလေးတက္ကသိုလ်ဝန်းအတွင်းမှာ အထက်မြန်မာပြည်ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲကို စစ်ကောင်စီမန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ပညာရေးဝန်ကြီးတက်ရောက်ချိန်မှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ လက်အောက်ခံ CM-SRDF ရဲမေအမျိုးသမီးတွေက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုမြို့တွင်းတိုက်ခိုက်ခံရမှုတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာစစ်ကိုင်း-မန္တလေးအဝင်နှာပေါက်(ဒေသအခေါ်) မှာ လက်ကိုင်ဖုန်းတွေစစ်ဆေးနေသလို မြို့တွင်းမှာလည်း စစ်သားသီးသန့် စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဖုန်းတခုလုံးမွှေနှောက်ရှာတာ။ ယောကျာ်းလေးကို ၅/ဖြစ်နေလို့ ပိုစစ်တယ်။ ကျွန်တော်က ဖုန်းအသစ်ဖြစ်နေတော့ ဘာမှသူတို့ရှာမတွေ့လိုက်ဘူး" လို့ မန္တလေးကိုလာတဲ့ခရီးသည်တဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ မန္တလေးကိုဝင်ရောက်တိုက်ခိုက်မယ့်သတင်းတွေထွက်ပြီးနောက် စစ်တပ်က မန္တလေးစစ်တိုင်းမှူးအပြောင်းအလဲလုပ်ကာ မြို့တွင်း၊မြို့ပြင်နေရာတွေမှာ ခံစစ်ပြင်ဆင်နေချိန် ယခုလိုမြို့တွင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

သတင်း - N၊ စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10