အုပ်ချုပ်ရေးမှူးနေအိမ် မိုင်းပေါက်ကွဲတာကို လာစစ်တဲ့စစ်အုပ်စု မိုင်းထပ်ခွဲခံရလို့ ရဲစခန်းမှူးအပါ ၅ ဦး ဒဏ်ရာပြင်းထန်

အုပ်ချုပ်ရေးမှူးနေအိမ် မိုင်းပေါက်ကွဲတာကို လာစစ်တဲ့စစ်အုပ်စု မိုင်းထပ်ခွဲခံရလို့ ရဲစခန်းမှူးအပါ ၅ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး နေအိမ်မိုင်းကွဲတာကိုလာ‌ရောက်စစ်ဆေးတဲ့ စစ်အုပ်စုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရလို့  ထိခိုက်ဒဏ်ရာရသူတွေများပြားတယ်လို့  ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ 

အောက်တိုဘာ ၂၀ ရက် မနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ အသက် ၅၁ နှစ်အရွယ် အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်ရဲ့နေအိမ်ကို အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် မိုင်းဖောက်ခွဲခံရတာကို အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ ကိုက် ၅၀၀ ခန့်အကွာရှိ ပွင့်ဖြူမြို့မရဲစခန်းက  စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက နေအိမ်ရှေ့မှာ လာရောက်စစ်ဆေးချိန် ‌အဝေးထိန်းမိုင်းနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ မိုင်းကွဲတဲ့အသံကြားပြီးတော့ ပွင့်ဖြူမြို့ရဲစခန်းက ရဲစခန်းမှူးနဲ့ ရဲတပ်သားတွေရောက်လာတာမှာ နောက်ထပ် ၁ ကြိမ် အဝေးထိန်းမိုင်း ၁ လုံးနဲ့ထပ်ခွဲလိုက်တာ ထိခိုက်ဒဏ်ရာရသူတွေများပါတယ် “ လို့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထပ်ခွဲခံရလို့ ပွင့်ဖြူမြို့ရဲစခန်းက စခန်းမှူးမင်းအောင်မှာ ခန္ဓာကိုယ်အနှံ့မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ နယ်ထိန်းထူးနိုင်ဝင်းမှာ ဒဏ်ရာ( မစိုးရိမ်ရ)၊ ပျူစောထီးအဖွဲ့ဝင်မျိုးခိုင်မှာ ဗိုက်နဲ့ခြေထောက် ပြင်းထန်ဒဏ်ရာ၊ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှာ  နောက်ကျောထိခိုက်ဒဏ်ရာပြင်းထန်နဲ့ အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ ဟိန်းမင်းအုပ် အသက် ၁၆ နှစ်မှာ လက်နဲ့ဗိုက်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) အသီးသီးရရှိခဲ့တယ်လို့ အဆိုပါတာဝန်ခံနဲ့ ဒေသခံတွေထံက သိရပါတယ်။

ယမန်နေ့က ပွင့်ဖြူမြို့ အုပ်ချုပ်ရေးမှူးနေအိမ် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ ထိခိုက်မှုများပြားခဲ့ပြီး ဒီကနေ့မှာတော့ ပွင့်ဖြူမြို့အဝင်၊ အထွက်ဂိတ်တွေမှာ စစ်ဆေးမှုတင်းကျပ်တာအပြင် ဘုန်းကြီးကျောင်းတွေကိုလည်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးသာဒွေးအောင်ဟာ  ပွင့်ဖြူမြို့ပြည်သူတွေကို စစ်မှုထမ်းဖို့ကိစ္စ စစ်သားသစ်စုဆောင်းတာ၊ မလိုက်နိုင်သူတွေကို ငွေကောက်ခံတာ၊ သန်းခေါင်းစာရင်းကောက်ယူတာတွေအပါအဝင် စစ် ကောင်စီထောက်တိုင်အဖြစ်လုပ်ဆောင်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုင်းခွဲခံရပြီး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ပွင့်ဖြူမြို့မ ရဲစခန်းမှူးနဲ့အဖွဲ့ကို မကွေးမြို့  ကုတင် ၁၀၀ စစ်ဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ရွှေလက်ပံရပ်ကွက်ရှိ ပွင့်ဖြူမြို့ဆိုင်းဘုတ်အနီးမှာ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးဖို့လာတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသမီးယာဉ်ထိန်းရဲ သဲသဲဆိုသူမှာ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသေးတယ်။

ပုံစာ - ပွင့်ဖြူမြို့မရဲစခန်း။

စာတည်း - ဟိန်းစံ

 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #အုပ်ချုပ်‌ရေးမှူး #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10