အုပ်ချုပ်ရေးမှူးရုံးမှာနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအလယ်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်မနေ့ကမနက် ၈ နာရီခန့်မှာ စစ်သားနဲ့ပျူ ၅ ဦးဝန်းကျင်ရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးအတွင်းကို လျှပ်တပြက်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောပါတယ်။ "ပုံမှန်ဆို အုပ်ကြီးရုံးမှာ စကစနဲ့ပျူတွေက ၈ ယောက်လောက်ရှိတယ်။

ကျနော်တို့သွားပစ်တဲ့အချိန်မှာ ၅ ယောက်လောက်ဘဲရှိတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ပြန်ပစ်တာကော ထွက်ပြေးတာ ကောရှိတယ်။ ပစ်ခတ်မှုကတော့ ၁၀ မိနစ်လောက်ပဲကြာမယ်။ ပစ်ခတ်မှုအတွင်းမှာ ကျနော်တို့ဘက်က ပစ်တာလား၊ သူတို့ဘက်က ပစ်တာလားမသိဘဲ ပြည်သူအမျိုးသမီး ၁ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ရွာလယ်ဖြစ်လို့ လူသွားလူလာလည်ရှိခဲ့တာကြောင့် ရွာခံအမျိုးသမီးတဦး ဒဏ်ရာရရှီခဲ့ပြီး၊ ဒီဖြစ်စဥ်အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရပြီး နောင်ဖြစ်စဥ်တွေမှာ ပြည်သူတွေထိခိုက်မှုမရှိအောင် လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်နတ်ဆိုးက ဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ စစ်သား ၁ ဦးနဲ့ပျူစောထီး ၁ ဦးသေဆုံးပြီး သူတို့ဘက်က သေနတ် ၁ လက်နဲ့ ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာလမ်းကိုပိတ်ပြီး ပစ်ခတ်သွားတဲ့အဖွဲ့တွေကို လိုက်ရှာသလို ထွက်နိုင်တဲ့လမ်းဘက်တွေကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)၊ ကောင်းကင်တော်လှန်ရေးအင်အားစု(ပြင်ဦးလွင်ခရိုင် ပကဖ)၊ဒေါင်းစစ်သည်(မတ္တရာ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပုသိမ်ကြီးမြို့နယ်ထဲမှာ ယခုလို စစ်ကောင်စီအခြေပြုနေရာတွေကို တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်တွေကိုတော့ မကြာခဏ ရှင်းလင်းတာရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်ကလည်း ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်လမ်းမှာ မင်္ဂလာဆောင်ကနေ ပြန်လာတဲ့ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် − ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10