အုပ်စုဖွဲ့အဓမ္မကျင့်တာကို မြင်ခဲ့တဲ့ မုံရွာမြိုခံအမျိုးသမီးကို ကျုးလွန်သူ‌တွေက ဖမ်းဆီး

အုပ်စုဖွဲ့အဓမ္မကျင့်တာကို မြင်ခဲ့တဲ့ မုံရွာမြိုခံအမျိုးသမီးကို ကျုးလွန်သူ‌တွေက ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်မှာ ယောက်ျားကို သတိမေ့အောင်ရိုက်ကာ မိန်းမဖြစ်သူကို လမ်းပေါ်အုပ်စုဖွဲ့အဓမ္မကျင့်ပြီး ပစ္စည်းလုခဲ့တဲ့ဖြစ်စဥ်ကို မြင်ခဲ့တဲ့အမျိုးသမီးကို ကျူးလွန်သူတွေက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးက အသက် ၄၅ နှစ်ခန့်အရွယ်ရှိသူဖြစ်ပြီး မိသားစုနဲ့အတူ စက်တင် ဘာလ ၄ ရက်မနက် ၆ နာရီခန့်မှာ ဘေးတွဲဆိုင်ကယ်နဲ့ သူတို့နေထိုင်ရာ နန္ဒာဝန်ရပ်ကွက်ကိုအပြန် စက်မှုဇုံရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ကြယ်စင်ဆီဆိုင်အနီးမှာ ဓားကိုင်ထားသူ ၈ ဦးက ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

"အဲ့နေ့က သူ့အမျိုသားရယ်၊ ကလေးတွေနဲ့ သူကအလုပ်ကနေပြန်တာ။ ဆိုင်ကယ်လေးစီးနဲ့ ဓားကိုင်ထားသူ ၈ ဦးလောက်က သူ့ကိုဖမ်းတယ်။ ပြီးတော့ ဖုန်းနဲ့ပိုက်ဆံတွေယူတယ်။ သူ့ကိုခေါ်ပြီး ပြန်ထွက်သွားတယ်။ သူ့မိသားစုဝင်တွေကိုတော့ လမ်းပေါ်မှာမှောက်ခိုင်းထားတယ်"လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

အဲ့ဒီအမျိုးသမီးကို ဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၅ ရက်မှာ ဖမ်းဆီးခံရတဲ့အမျိုးသမီးရဲ့ ယောကျ်ားဆီကို ဖုန်းဆက်ပြီး ကျပ်သိန်း ၁၀၀၀ နဲ့ ပြန်ရွေးဖို့၊ လာမရွေးရင် သတ်ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားဖြစ်သူဘက်က ငွေမတတ်နိုင်တာကြောင့် ရှိနေတဲ့ဘေးတွဲဆိုင်ကယ်ကိုရောင်းပြီး ကျပ်သိန်း ၂၀ ကျော်လောက်ပေးမယ်ဆိုပြီး ညှိနှိုင်းပေမယ့် အဆင်မပြေတာကြောင့် စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာ စက်မှုဇုံရပ်ကွက်၊ ဘိုးဘွားရိပ်သာ သံလမ်းအနီးကခြံတခုမှာ ညစောင့်လုပ်သူဖြစ်ကာ ဩဂုတ်လ ၂၅ ရက်က ဖြစ်ခဲ့တဲ့ဖြစ်စဥ်ကို မြင်တွေ့ခဲ့သူဆိုပြီး ရဲ

ဘက်ကလည်း မျက်မြင်သက်သေအနေနဲ့ ခေါ်ယူစစ်ဆေးခံနေရသူဖြစ်ပါတယ်။

"သူ့ကို မျက်မြင်တွေ့ထားတယ်ဆိုပြီး ရဲကလည်းခေါ်စစ်နေတော့ သူတို့အကြောင်းတွေကို ဖော်တယ်ဆိုပြီး လာဖမ်းသွားတာဖြစ်နိုင်တယ်"လို့ ဒေသခံက ဆက်ပြောပါတယ်။

အဲ့ဒီအမျိုးသမီး အဖမ်းခံရတဲ့ မနက်ပိုင်းလောက်မှာသာ ရဲနဲ့စစ်ကောင်စီတပ်သားတွေက လိုက်လံရှာဖွေပေးခဲ့ပြီး နောက်ပိုင်းမှာတော့ဆက်လက်ရှာဖွေတာမျိုးမလုပ်ကြတော့ဘူးလို့ သိရပါတယ်။

ဩဂုတ်လ ၂၅ ရက် ညနေ ၆ နာရီခန့်မှာ အလုပ်ကနေ နေအိမ်ကိုပြန်လာတဲ့ အသက် ၁၇ နှစ်ဝန်းကျင်လင်မယားနှစ်ဦးကို ဆိုင်ကယ်နဲ့အမျိုးသား ၄ ဦးက ရိုက်နှက်ကာ အမျိုးသမီးဖြစ်သူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ပစ္စည်းတွေကိုလုယူသွားခဲ့ကြတာပါ။

လုယက်နေချိန် လုယက်သူတွေက လူငယ်အမျိုးသားကို ထိုးကြိတ်ရိုက်နှက်လို့ မေ့မျောသွားချိန်  အဲ့ဒီအမျိုးသား ၄ ဦးက အမျိုးသမီးဖြစ်သူကို မေ့လဲနေတဲ့ယောက်ျားရဲ့အနီးမှာ တကြိမ်၊အဲ့ဒီနေရာနဲ့ ပေ ၂၀၀ ခန့်အကွာ ရထားသံလမ်းအနောက်ဘက် မြေကျင်းချိုင့်ခွက်မှာ တကြိမ် အဓမ္မပြုကျင့်ခဲ့ကာ ဖုန်းနဲ့ပိုက်ဆံတချို့လုယူ ထွက်ပြေးသွားခဲ့တာပါ။

ဩဂုတ်လ ၂၆ ရက် မနေ့မနက်ပိုင်းမှာ ကျူးလွန်သူတွေဟာ ထန်းတောအင်းစပ်ရပ်ကွက်အတွင်း နေထိုင်သူတွေဖြစ်ကြောင်း စုံစမ်းသိရှိရတာကြောင့် နစ်နာသူတွေနဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျေနပ်မှုမရှိတဲ့ဒေသခံတွေက သွားရောက်ဖမ်းဆီးကြချိန် ၁ ဦးကိုဖမ်းဆီးရမိခဲ့ပြီး  ၃ ဦး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ကျူးလွန်တဲ့အဖွဲ့မှာ ထန်းတောအင်းစပ်ရပ်ကွက်နေ ဘိုဖြူလုံး (ဘ) ဦးဘောကြီးရဲ့သားဆိုသူက ခေါင်းဆောင်လုပ်ကာ လူပြတ်လပ်တဲ့ ရပ်ကွက်၊ လမ်းနေရာတွေမှာ ခိုးဆိုး၊ လုယက်၊ ခြိမ်းခြောက် ငွေတောင်း၊ လုယက်မှုတွေ ကျူးလွန်နေကြတာဖြစ်ပြီး ယခုဖြစ်စဉ်အပါအဝင် အမှုပေါင်း ၁၀ မှုထက်မနည်း ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ပေါ်မှာတော့ နေ့ပိုင်းတွေမှာလည်း ဆိုင်ကယ်၊ ဖုန်းနဲ့ငွေကြေးတွေကိုအုပ်စုဖွဲ့လုယက်ခံရတာ၊ ညပိုင်းတွေမှာ နေအိမ်တွေဖောက်ခံရပြီး တန်ဖိုးရှိပစ္စည်းခိုးယူသူတွေလည်းရှိနေပြီး ဖမ်ဆီးအရေးယူ နိုင်တာမျိုးတွေ မရှိတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဖမ်းဆီး #လုယက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10