အောက်ချင်းမောင်နှံလို့ တင်စားခံရတဲ့ လင်မယား ၂ ဦး ၁ ရက်ခြားပြီး ကွယ်လွန်

အောက်ချင်းမောင်နှံလို့ တင်စားခံရတဲ့ လင်မယား ၂ ဦး ၁ ရက်ခြားပြီး ကွယ်လွန်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ စျေးရပ်ကွက်မှာ အိမ်ထောင်သက် နှစ် ၅၀ ကျော်ရှိပြီး အောက်ချင်း လင်မယားလို့ တင်စားခံရတဲ့ လင်မယား ၂ ဦး တရက်ခြားပြီး ကွယ်လွန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကွယ်လွန်သွားတဲ့ အသက် ၈၅ နှစ်ကျော် အဖိုးအဘွား ၂ ဦးဟာ တဦးနဲ့တဦး မျက်စိအောက်ကအပျောက်မခံ ဂရုစိုက်တတ်လွန်းလို့ အောက်ချင်းမောင်နှံလို့တောင် ရပ်ကွက်က တင်စားပြောဆိုကြတာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်မှာ အသက် အသက် ၈၇ နှစ်အရွယ် ဒေါ်နုနုယဥ်ဟာ လူကြီးရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညနေ ၆ နာရီခန့်မှာတော့ ကွယ်လွန်သွားတဲ့ ဒေါ်နုနုယဥ်ရဲ့ အမျိုးသားဖြစ်သူ အသက် ၈၆ နှစ်အရွယ် ဦးမြသိန်းဟာလည်း ထမင်းစားနေရင်းကနေ ရုတ်တရက် သတိလစ်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

"လင်မယားနှစ်ယောက်က ဘယ်သွားသွား၊ ဘာလုပ်လုပ် အတူသွား အတူလာပဲ။ စျေးသွား၊ ဘုန်းကြီး ကျောင်းသွားလည်း တူတူပဲ။ ကျန်းမာရေးကောင်းတဲ့အချိန်ထိ တူတူတွေ့ရတတ်တယ်။ ခုလည်း အမျိုးသမီး ဆုံးသွားတော့ အဖိုးလည်း စိတ်ထိခိုက်ပြီးဆုံးသွားတာနေမယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မူလက ကွယ်လွန်သွားတဲ့ ဒေါ်နုနုယဥ်ရဲ့ နာရေးကို ဇန်နဝါရီ ၁၉ ရက်မှာ မြေချဖို့ လုပ်ထားပေမယ့် အမျိုးသားဖြစ်သူပါ ကွယ်လွန်သွားလို့ ဇန်နဝါရီ ၂၀ ရက်မှာ မြေချသင်္ဂြိုဟ်တဲ့ကိစ္စကို တရက်တည်း တူတူပြုလုပ်သွားမယ်လို့ သိရပါတယ်။

အောက်ချင်းငှက် အဖို၊ အမဟာ တကောင်နဲ့တကောင် မေတ္တာတရားအလွန်ကြီးမားကြပြီး ငှက်မတွေ သားမွေးတဲ့အခါ ငှက်အဖိုက အနားမှမခွာဘဲ အစာကျွေးစောင့်ရှောက်တတ်သလို တကောင်အသက်ဆုံးရှုံးပါက ကျန်တကောင်ပါ လိုက်လံသေဆုံးလေ့ရှိတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #အုတ်တွင်းမြို့ #စျေးရပ်ကွက် #အိမ်ထောင်သက် #လင်မယား #ကွယ်လွန် #အောက်ချင်းငှက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10