အောင်လံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

အောင်လံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်က စစ်ကောင်စီခန့်ရပ်/ကျေး အုပ်ချုပ်ရေးမှူးတဦး ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီကျော်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ အသက် ၅၀ အရွယ်ရှိ တပ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းဖြစ်ပြီး နေအိမ်ထဲမှာ ပစ်ခတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေသွားတယ်လို့ ကြားသိရတယ်။ ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာတော့ မသိရဘူး။ အလောင်းကိုတော့ စကစနဲ့ ရဲတွေလာယူသွားတယ်"လို့ အောင်လံမြို့နေ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးဇော်ထွန်းဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သလို တပ်ထွက်တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးလည်းဖြစ်ပြီး စစ်ကောင်စီအလိုတော်ကျ လုပ်ပေးနေသူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အဆိုပါကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာတော့ ဦးဇော်ထွန်းကို PDF ၄ ဦးက နေအိမ်အတွင်းမှာ ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဦးဇော်ထွန်းဟာ ညာဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ ညာနံရိုးအောက်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာတချက်နဲ့ ညာဘက်လက်မှာ ကျည်ထိဒဏ်ရာတချက် ရရှိပြီး သေဆုံးသွားခဲ့တယ်လို့ ဝါဒဖြန့်ရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် မနက် ၁၁ နာရီခန့်မှာလည်း အင်းလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး အသက် ၅၀ နှစ်ခန့်ဟာ ရွှေပန်းတောကျေးရွာကနေ သူနေထိုင်ရာ အင်းလယ်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ တဦးတည်းပြန်လာချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အောင်လံ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #သေနတ်ပစ်ခံရ  #ကြံ့ခိုင်ရေးပါတီဝင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10