အောင်လံက ရေကွမ်းလောင်းရွာ တရွာလုံးနီးပါးရေမြုပ်ပြီး စားစရာနဲ့သောက်ရေလိုအပ်နေ

အောင်လံက ရေကွမ်းလောင်းရွာ တရွာလုံးနီးပါးရေမြုပ်ပြီး စားစရာနဲ့သောက်ရေလိုအပ်နေ

မကွေးတိုင်း၊ အောင်လံမြို့၊ မြစ်ကမ်းနံဘေးရွာဖြစ်တဲ့ ရေကွမ်းလောင်းရွာဟာ တရွာလုံးနီးပါးရေနစ်မြုပ်သွားပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ 

ရေကွမ်းလောင်းရွာဟာ အိမ်ခြေ ၂၀၀ နီးပါးရှိပြီး ရွာသူရွာသားတွေဟာ တံငါလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြကာ ဇူလိုင်လ ဒုတိယအပတ်ထဲမှာ မြင့်တက်လာတဲ့ဧရာဝတီမြစ်ရေကြောင့် တရွာလုံးရေနစ်မြုပ်ခဲ့ တာလို့ သိရပါတယ်။ 

"ရေက တရွာလုံးနစ်သွားတာ။ အကုန်လုံးက မပြေလည်သူများတယ်လေ။ သောက်သုံးရေကအစ ‌လုံးဝအခက်တွေ့ကုန်တယ်။ အခု သင်္ချိုင်းနဲ့ဇရပ်တွေမှာ နေနေကြရတယ်။ မိသားစုတွေလည်း အများကြီးပဲ။ ကလေးတွေ လောက်ပဲထမင်းစားကြရတယ်။ လူကြီးတွေက ကောင်းကောင်း မစားကြရဘူး။ ရေဖြစ်ဖြစ်၊ စားစရာဖြစ်ဖြစ် အကူအညီရရင်တော်သေးတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ရေကွမ်းလောင်းရွာဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကစပြီး မြစ်ရေတက်တာမျိုး မရှိတော့ပေမယ့် အခုနှစ်မှာ ပြန်ပြီး တက်ခဲ့ကာ တရွာလုံးနီးပါးရေနစ်မြုပ်ခဲ့တာလို့ သိရပါတယ်။ မြစ်ရေတက်ချိန်မှာ ထိထိရောက်ရောက်လာ ရောက်ကူညီသူမရှိသေးဘဲ မှတ်တမ်းတင်တာတချို့တော့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

“ဟိုအရင် ရေတက်ပြီဆိုရင် ကူညီတာတွေရှိတယ်။ အခုနှစ်က ဘယ်သူမှ မကူညီကြသေးဘူး။ အနီးအနား ရွာတွေက ရေလေးဖြစ်ဖြစ်၊ ထမင်းလေးဖြစ်ဖြစ် အကူအညီပေးရင်ကောင်းပါမယ်” လို့ ဆိုပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #အောင်လံ #ရေကွမ်းလောင်း #ရေနစ်မြုပ် #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10