အောင်လံက လောင်းကစားဝိုင်းကို အသံဗုံးနဲ့ သတိပေးဖောက်ခွဲ

အောင်လံက လောင်းကစားဝိုင်းကို အသံဗုံးနဲ့ သတိပေးဖောက်ခွဲ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဇေယျဝတီရပ်ကွက်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသံ‌ဗုံးနဲ့ ဖောက်ခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်ည ၇ နာရီခွဲဝန်းကျင်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး နာရီဝက်လောက် အကြာမှာတော့ စစ်ကောင်စီဘက်က ကားတစီး၊ ဆိုင်ကယ် ၆ စီးနဲ့ ရောက်လာကာ အင်အား ၃၀ လောက်နဲ့ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ‌ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။


“ကျနော်တို့မြို့မှာက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတာ၊ မြို့ပေါ် ၉ ရပ်ကွက်မှာ တလတကြိမ် ပွဲရှိတယ်။ မြို့နယ်အတိုင်းတာမှာဆိုရင်တော့ တလလုံး မပျက်ဘူး။ ကျေးရွာတွေကို လှည့်လုပ်တာ၊ ခုဖောက်ခွဲခံရတဲ့ဝိုင်းက အရပ်သား လောင်းကစားဒိုင်ကိုင်တာ၊ အခုကတော့ ဝိုင်းတွေမရှိတော့ဘူး။ သင်္ကြန်ရက်ကြောင့် နားတာလည်း ဖြစ်နိုင်တယ်။ ဖောက်ခွဲခံရလို့ နားတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းအတွင်းထိ ဝင်ရောက်ဖောက်ခွဲခဲ့တာဖြစ်သလို ပြည်သူတွေ ထိခိုက်မှာစိုးရိမ်တဲ့အတွက် လူထိမှန်စေတဲ့ ဗုံးအမျိုးအစားကို မသုံးခဲ့ဘူးလို့လည်း ဆိုပါတယ်။

တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အမည်ကိုတော့ လုံခြုံရေးအရ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေက ခုလိုပေါက်ကွဲတာဟာ ဖောက်ခွဲခံရတာမဟုတ်ဘဲ ကားဘီးပေါက်တာဆိုပြီး ဒေသခံပြည်သူတွေကို သတင်းလွှင့်ထားခဲ့သေးတယ်လို့လည်း သိရပါတယ်။

အဆိုပါ လောင်းကစားဝိုင်းဟာ လောင်းကြေးအနေနဲ့ တညကို သိန်း ၈၀ ထိပေါက်ပြီး စစ်ကောင်စီဘက်က အဖွဲ့အစည်းတွေကို လိုင်းကြေးအနေနဲ့ တညကို သိန်း‌ ၃၀ အနည်းဆုံး ပေးရတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10