အောင်လံမြို့ပေါ်မှာတိမ်းရှောင်နေတဲ့ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့တပည့် ပစ်ခတ်ခံရပြီး သေဆုံး

အောင်လံမြို့ပေါ်မှာတိမ်းရှောင်နေတဲ့ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့တပည့် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုး (၁၉) လမ်းမှာ မြို့ပေါ်တက်တိမ်းရှောင်နေတဲ့ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ၁ ဦးနဲ့ တပည့်ဖြစ်သူတို့ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ အောင်လံမြို့နယ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဆီက သိရပါတယ်။

ပစ်ခတ်ခံရသူမှာ အောင်လံမြို့နယ်၊ ပဲခူးရိုးတောင်ခြေရှိ တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးမြင့်ဆွေနဲ့ တပည့်ဖြစ်သူ ၂၅ နှစ်အရွယ် ဇော်မျိုးဦးတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ နောက်ထပ်အမျိုးသား ၁ ဦးနဲ့ နေအိမ်ရှေ့ စကားပြောနေချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

"အခင်းဖြစ်တဲ့နေရာမှာတော့ မြင့်ဆွေသေတယ်။ ဆေးရုံမှာကျတော့ သူတပည့်သေတယ်။ အရပ်သားကတော့ ဒဏ်ရာရတယ်။ သူတပည့်ဆိုတာကလည်း မြို့ပေါ်ရောက်မှခေါ်ထားပြီး သူသွားလေရာ ခေါ်သွားနေတဲ့ကောင်လေးပါ။"လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးမြင့်ဆွေက နောက်ကျောကနေ ရင်ဘတ်ထိက ဖောက်ဝင်ဒဏ်ရာရပြီး နေရာတင်သေဆုံးခဲ့ကာ တပည့်ဖြစ်သူ ဇော်မျိုးဦးမှာတော့ ရင်ဘတ်နဲ့လက်တွေမှာ ကျည်ထိဒဏ်ရာနဲ့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ဦးမိုးနိုင်မှာတော့ လက်ကိုကျည်ထိမှန်ပြီး အောင်လံဆေးရုံမှာ ဆေးကုသမှုခံယူနေရကာ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ လတ်တလောမသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်တယ်လို့ အထက်ပါအဖွဲ့၀င်က ပြောပါတယ်။ 

တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဟာ PDF ရန်ကိုကြောက်ပြီး အောင်လံမြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေတာ တနှစ်ဝန်းကျင်လောက်ရှိပြီလို့ သတင်းရကြောင်း သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် အောင်လံမြို့နယ်ရဲ့ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့အပြင် ကျေးရွာတွေဘက်ကို စစ်ကောင်စီစစ်ကြောင်းထိုးရာမှာလည်း လမ်းပြအဖြစ် လိုက်ပါပေးတတ်သူဖြစ်ပြီး တရားမဝင်လုပ်ငန်းတွေကနေ စစ်တပ်ကိုငွေရှာပေးနေသူလည်းဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ 

ဒါ့အပြင် သူ့တပည့်ဖြစ်သူကလည်း ပျုစောထီးဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးတာနဲ့ စစ်ကြောင်းထွက်ရင်လည်း လိုက်ပါတာတွေရှိတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့၀င်က ဆက်ပြောပါတယ်။ 

"သူက ပျူစောထီးလို့ ပြောလို့ရတယ်။ ဘာကြောင့်ဆို ပုံမှန်အခြေနေဆိုရင် အရပ်ဝတ်နဲ့ PDF သတင်းစုံစမ်းတာ၊ စကစ သတင်းပေးတာတွေ လုပ်တယ်။ စစ်ကြောင်းသွားရင် ယူနီဖောင်းဝတ် လိုက်သွားတာတွေရှိတယ်"လို့ ပြောပါတယ်။ 

ဩဂုတ် ၂၀ ရက် ညပိုင်းကလည်း အောင်လံမြို့နယ်၊ ဆင်တုပ်ကျေးရွာအုပ်စု၊ အင်တောသာကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရပါသေးတယ်။ 

ဓါတ်ပုံ - PAN

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #အုပ်ချုပ်ရေးမှူး #ပျူစောထီး #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10