အောင်လံမှာ ကျောင်းထိုင်ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

အောင်လံမှာ ကျောင်းထိုင်ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင်ဘုန်းကြီး ၁ ပါးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၃ ရက် ဒီမနက် ၂ နာရီကျော်မှာ လက်နက်ကိုင်ထားသူ လူ ၅ ဦးခန့်က အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင် အသက် ၄၀ ကျော်ကို နေအိမ်ထဲမှာ ဝင်ရောက်ပစ်ခတ်ရာ ထွက်ပြေးချိန်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အဲဒီနောက်မှာ လက်နက်ကိုင်အဖွဲ့က ကျေးရွာဘုန်းကြီးကျောင်းကိုသွားပြီး သက်တော် ၅၀ အရွယ်ရှိ ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"အုပ်ကြီးအိမ်ကိုဝင်ချိန် အုပ်ကြီးက သူ့ကိုလာသတ်မှန်းသိတော့ ဓားနဲ့ဆီးခုတ်ပြီးပြေးတာ။ သေနတ်သံ လေးငါးချက်လောက်ကြားရပြီးနောက် အုပ်ကြီးသေတယ်။ အုပ်ကြီးကိုပစ်သတ်ပြီးနောက် အုပ်ကြီးအိမ်နဲ့ ၂ ဖာလုံလောက်ဝေးတဲ့ ဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းထိုင်ဆီက ဖုန်းစစ်မယ်ဆိုပြီးတောင်းတာ ဘုန်းကြီးကမပေးလို့ ပစ်ခတ်ခဲ့တာ"လို့ ဒီဖြစ်ရပ်ကိုသိရှိထားတဲ့ ဒေသခံတဦးရဲ့ ပြောစကားကို ကိုးကားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင်မှာ ဘယ်မျက်လုံးထွက်၊ ဦးခေါင်းပွင့်ထွက်၊ ရင်ဘတ်ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးသွားပြီး ကျောင်းထိုင်ဆရာတော်မှာလည်း နဖူးနဲ့ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို တော်လှန်ရေးအဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီး ဒီမနက် ၇ နာကျော်မှာတော့ စစ်ကောင်စီဘက်က အင်အား ၆၀ လောက်က ကား ၄ စီးနဲ့ရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်ကာ အလောင်းတွေကိုယူသွားပြီး အောင်လံဘက်ကို ပြန်သွားကာ အင်အား ၂၀ ခန့်ကိုတော့ ရွာထဲမှာ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း အုပ်ချုပ်ရေးမှူး နိုင်ဝင်းအောင်ဟာ ပျူခေါင်းဆောင်ဖြစ်တယ်၊  လက်နက်ရှိတယ်လို့ တိုင်ကြားသူတွေရှိတာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က ဝင်ရောက် ရှင်းလင်းချိန်ထွက်ပြေးလို့ လွတ်မြောက်ခဲ့သေးတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

ဒါးစမ်းကျေးရွာဟာ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံး လာရောက်နေတဲ့ နေရာဖြစ်တာကြောင့် အုပ်ချုပ်ရေးမှူးနဲ့ကျောင်းထိုင်ဆရာတော်တို့မှာ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင်နေထိုင်နေရတဲ့သဘောရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇန်နဝါရီ ၁၀ ရက်ကလည်း အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်း ဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ ကင်မွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #အုပ်ချုပ်ရေးမှူး #ကျောင်းထိုင်ဆရာတော် #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10